"ထမင်းဝအောင်စားထား"တီရှပ်ဝတ်ဆင်ခဲ့သူ ၃ ဦးကို အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်စီ ချမှတ်
DVB
·
December 15, 2020
လူသတ်တရားခံကြည်လင်းကို အားပေးထောက်ခံတဲ့အနေနဲ့ "ထမင်းဝအောင်စားထား” စာတန်းပါ တီရှပ်ဝတ်ဆင်ဝန်းရံခဲ့သူ မြတ်ဘုန်းမိုရ်၊ အောင်လင်းနဲ့ ဟိဏ်းဝေယံတို့ ၃ ဦးကို အင်းစိန်မြို့နယ်တရားရုံးက ဒီကနေ့ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ် စီ အမိန့်ချမှတ်လိုက်ပါတယ်။
ရှေ့နေဦးကိုနီအသတ်ခံရမှုမှာ ပြစ်မှုကျူးလွန်သူ ကြည်လင်းကို ရုံးထုတ်ချိန် " ထမင်းဝအောင်စားထား” အမှတ်တံဆိပ်ပါ အင်္ကျီဝတ်ဆင်မှုနဲ့ပတ်သက်ပြီး အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့တာပါ။
တရားစွဲဆိုရာမှာ ၄ ဦးကိုစွဲဆိုခဲ့တာဖြစ်ပြီး ၁ ဦးကတော့ပြစ်ဒဏ်ကျခံပြီးဖြစ်ပါတယ်။ မြတ်ဘုန်းမိုရ်၊ အောင်လင်း ၊ ဟိဏ်းဝေယံတို့ဟာ တရားစွဲခံရပြီး ၂ နှစ်နီးပါး အကြာမှ လာရောက်အဖမ်းခံခဲ့ကြတာဖြစ်ပါတယ်။
ဒီနေ့ တရားရုံးထုတ်မှာလည်း တရားခံတွေကို အားပေးတဲ့သူတချို့ လာရောက်ဝန်းရံ ခဲ့ကြပါတယ်။
Photo - Lin Thu Rein Kyaw / MPA