Home
မြန်မာသတင်း
ပြည်တွင်း အပျော်စီးလေယာဉ်ခရီးစဉ်အသစ်များ ပျံသန်းပြေးဆွဲရန်စီစဉ် 
သူဇာလင်း
·
December 14, 2020
Bagan-sunset-tourists
အပျော်စီးလေယာဉ်ခရီးစဉ်အသစ် (Non Landing Sightseening Flights Tour) ကို ပြည်တွင်းမှာ ပြေးဆွဲပျံသန်းဖို့စီစဉ်နေတယ်လို့ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌ ဦးဖြိုးဇော်ဝေ က ပြောပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားတဲ့ အခြေအနေတွေကြောင့် ရပ်ဆိုင်းထားခဲ့ရတဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုးလာနိုင်ဖို့အတွက်ရည်ရွယ်ပြီး ဘယ်ဒေသကိုမှ ရပ်နားဆိုက်ကပ်တာမျိုး မလုပ်ဘဲ ကောင်းကင်ကနေ လှည့်လည်ကြည့်ရှုနိုင်မယ့် အပျော်စီးလေယာဉ်ခရီးစဉ်အသစ်ကို ဖော်ဆောင်ဖို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ညွှန်ကြားထားတယ်လို့ဆိုပါတယ်။ ဒီခရီးစဉ်အသစ်က ဘယ်ဒေသကိုမှ ဆိုက်ကပ်တာမျိုးမလုပ်တာကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကိုပါ ထိန်းချုပ်နိုင်မှာဖြစ်သလို၊ ခရီးသွားလုပ်ငန်းတွေလည်း ပြန်လည်ကောင်း မွန်လာနိုင်မှာ ဖြစ်တာကြောင့် ဒီဇင်ဘာလ တတိယအပတ်မှာ စတင်ပျံသန်းပြေးဆွဲသွားဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူကပြောပါတယ်။ လက်ရှိမှာတော့ လေကြောင်းလိုင်းတွေနဲ့ ညှိနှိုင်းဆဲကာလဖြစ်တာကြောင့် ခရီးစဉ်အတွက် ကျသင့်မယ့် ဝန်ဆောင်ခ လက်မှတ်ဈေးနှုန်းကို မသိသေးပေမယ့်လည်း အသက်အသာဆုံး ဈေးနှုန်းဖြစ်အောင် စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။ အပျော်စီးလေယာဉ်ခရီးစဉ်အသစ်ဟာ ပထမဆုံးအနေနဲ့  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ လေယာဉ်ထွက်ခွာပြီး ကျိုက်ထီးရိုး၊ ပုဂံ၊ မော်လမြိုင်နဲ့ ဘားအံ့စတဲ့ မြို့တွေက ပတ်ဝန်းကျင်ဒေသကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။   အခုလို ခရီးစဉ်အသစ်တွေကို ဖော်ဆောင်တာက ခရီးသွားလုပ်ငန်းပြန်လည် အကောင်အထည်ဖော်နိုင်အောင် လုပ်ဆောင်တာဖြစ်နိုင်သလို၊ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာပြီဆိုတာကို နိုင်ငံတကာက အာရုံစိုက်လာပြီး စိတ်ဝင်စားမှုရှိလာအောင် လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတဲ့ Nature Dream Travels & Tours ကုမ္ပဏီမှ ဒေါ်စံပယ်အောင်က ပြောပါတယ်။ ဒါ့အပြင် ရန်ကုန်မြစ်အတွင်း လှည့်လည်သွားလာနိုင်မယ့် ပုံမှန်ပြေးဆွဲနေတဲ့ အပျော်စီးသင်္ဘာ ခရီးစဉ်တွေအပြင် အခုလထဲမှာတင် ခရီးစဉ်အသစ်ကို တိုးချဲ့ပြေးဆွဲသွားဖို့ လုပ်ဆောင်နေတယ် လို့လည်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024