ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းထား
ဇေယျာချမ်းအေး
·
December 11, 2020
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းအားလုံးနီးပါး ရွေးကောက်ပွဲကုန်ကျစရိတ်တွေ တင်သွင်းထားတယ်လို့ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသိန်းထွန်းဦးက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ အနိုင်ရတဲ့သူရော ရှုံးနိမ့်တဲ့သူပါ ကုန်ကျစရိတ်တွေ တင်သွင်းရတာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်ဥပဒေအရ စရိတ်မတင်သွင်းသူတွေဟာ လာမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးမှာဖြစ်ပါတယ်။
ကြံ့ခိုင်ရေးပါတီအနေနဲ့ ပြိုင်ဘက်ပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းတွေ တင်သွင်းတဲ့ ကုန်ကျစရိတ် စာရင်းတွေကိုစောင့်ကြည့်နေပြီး လိုအပ်ရင် ကန့်ကွက်လွှာတွေတင်သွင်းမယ်လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းတာနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတချို့ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ အများစုက ကုန်ကျစရိတ်တွေတင်သွင်းထားတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ကိုယ်စားလှယ်အများစုကတော့ ကုန်ကျစရိတ်တွေတင်သွင်းထားတယ်လို့ ပါတီဗဟိုအောင်နိုင်ရေးကော်မတီ တာဝန်ရှိသူက အတည်ပြုထားပါတယ်။
ကော့မှူးမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်ဟာ ကျပ် ၆၃ သိန်း ဝန်းကျင်ရှိပြီး တာမွေမြို့နယ်ကနေ ရွေးကောက်ခံရတဲ့ သမ္မတ ဦးဝင်းမြင့်ရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်ကတော့ ကျပ်သိန်း ၃၀ ဝန်းကျင်ဖြစ်ပါတယ်။
၈၈မျိုးဆက်တချို့ပါဝင်တဲ့ ပြည်သူ့ပါတီကလည်း ရွေးကောက်ပွဲ ကုန်ကျစရိတ်တွေတင်သွင်းထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲအပေါ်ပြန်လည်သုံးသပ်နေပြီး ကြားဖြတ်ရွေးကောက်ပွဲတွေကိစ္စပြောဖို့ကတော့ အချိန်စောသေးတယ်လို့ ပြည်သူ့ပါတီ အတွင်းရေးမှူး ဦးရဲနိုင်အောင်က ပြောပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကလည်း ရွေးကောက်ပွဲအလွန်မှာ ပါတီတည်ဆောက်ရေးလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေပြီး ကြားဖြတ်ရွေးကောက်ပွဲတွေ ရှိလာရင်ပါဝင်ယှဉ်ပြိုင်မယ်လို့ ပါတီခေါင်းဆောင် ဒေါက်တာသက်သက်ခိုင်က ပြောပါတယ်။
ရွေးကောက်ပွဲကုန်ကျစရိတ်တွေကို သက်ဆိုင်ရာကိုယ်စားလှယ်တွေက ရွေးကောက်ပွဲရလဒ်ထုတ်ပြန်ပြီး ရက်ပေါင်း ၃၀အတွင်း မပျက်မကွက်တင်သွင်းဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၀ရက် နေ့မှာ ကြေညာထားတာပါ။
ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီဟာ ရွေးကောက်ပွဲမှာ အသုံးစရိတ်ငွေကျပ် သိန်း ၁၀၀ ထက်မပိုပဲ သုံးစွဲဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကသတ်မှတ်ထားပြီး ကုန်ကျစရိတ်မတင်သွင်းသူတွေကို အရည်အချင်းပျက်ယွင်းသူတွေအဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။