လက်ပံတန်းမြို့မဈေးကြီးတွင် စည်းကမ်းဖောက်ပြီး ဈေးလာရောင်းပါက အရေးယူမည်
DVB
·
December 11, 2020
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့ရှိ မြို့မဈေးမှာ ဈေးရောင်းချသူတချို့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတာကြောင့် ၁၄ ရက်ကြာဈေးပိတ်ထားတာကို လိုက်နာမှုမရှိဘဲ စည်းကမ်းဖောက်ဖျက်ပါက အရေးယူမယ်လို့ မြို့နယ် ကိုဗစ်-၁၉ တုံ့ပြန်ရေး ကော်မတီက ပြောပါတယ်။
"မြို့မဈေးနဲ့ အပြင်ဘက်က ဆိုင်တန်းတွေကို အကုန်ပိတ်သိမ်းတယ်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေကို ပါဆယ်စနစ်နဲ့ ရောင်းချစေတယ်၊ အသီးအရွက်၊ သားငါးတွေကို မိုဘိုင်းစနစ်နဲ့ ရောင်းချခွင့်ပေးတယ်၊ အဲ့လိုမဟုတ်ဘဲ ဈေးဗန်းချရောင်းတာတို့၊ ဆိုင်ထိုင်ရောင်းတာတို့တွေ့ရင် ပထမအကြိမ်မှာ ဆိုင်ပိတ်ခိုင်းမယ်မယ်၊ အဲ့ဒါကိုမှ မလိုက်နာရင်တော့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဥပဒေနဲ့ အရေးယူပါမယ် " လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းက ပြောပါတယ်။
ဒီဇင်ဘာ ၈ ရက်ညမှာ ပြုလုပ်ခဲ့တဲ့ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ လက်ပံတန်းမြို့ မြို့မဈေးကြီးနဲ့ ပတ်ဝန်းကျင်ရှိ ညနေဈေး၊ အာရုံဈေး၊ ဘူတာပတ်လည်ရှိဈေးဆိုင်ခန်းတွေ၊ ကျွန်းကလေးဈေးတို့ကို ဒီဇင်ဘာ ၁၀ ရက်မှ ဒီဇင်ဘာ ၂၄ ရက်နေ့အထိ အိမ်သုံး ဆေးဆိုင်တွေမှအပ ယာယီပိတ်သိမ်းဖို့ မြို့နယ်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
လက်ပံတန်းမြို့ မြို့မဈေးအတွင်းက ဈေးရောင်းသူနဲ့ မိသားစုဝင်တွေ လူဦးရေ ၅၁ ဦး ကို ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက် ၂ ရက်မှာ ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ရာမှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိသူ ၁၆ ဦး တွေ့ရှိခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ - ဝဏ္ဏထွန်း