အကြမ်းဖက်မှုဥပဒေဖြင့် အမှုဖွင့်ခံရသူများကို စားနပ်ရိက္ခာ လှူဒါန်း
DVB
·
December 6, 2020
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုဖွင့်ခံထားရတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူအကျဉ်းထောင်မှာရှိတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၆၂ ဦးကို မြတန်းဆောင်ဖောင်ဒေးရှင်းက စားနပ်ရိက္ခာအချို့ ဒီဇင်ဘာ ၅ ရက်နေ့မှာ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
ကိုဗစ်ကာလမှာ မိသားစုတွေနဲ့ တွေ့ခွင့် မရသလို စားနပ်ရိက္ခာပေးခွင့်မရတာတွေကြောင့် အခုလို သွားရောက်လှူဒါန်းရတာလို့ မြတန်းဆောင်းဖောင်ဒေးရှင်းဦးဆောင်ဆရာတော်က မိန့်ပါတယ်။
“အခုက ကိုဗစ်-၁၉ ကာလဖြစ်နေတယ်၊ အဲဒီအတွက်ကြောင့် မိသားစုတွေကလာပြီးတော့ ထောင်ဝင်စာ လာမတွေ့နိုင်ကြဘူး၊ တွေ့ခွင့်လည်းမရကြဘူး။ ဒီလူတွေထဲမှာ တချို့က နယ်ဝေးက ဖမ်းဆီးခံနေရတဲ့သူပါတယ်၊ လာဖို့ခက်ခဲတယ်။ မပြည့်စုံတဲ့ မိသားစုတွေအနေနဲ့လည်း ဒီလောက် ဝေးလံခရီးကို ငွေကုန်ကျေးကျခံပြီးတော့ လာဖို့ ခက်ခဲတာတွေကြောင့် ထောင်ထဲကိုရောက်နေသူတွေ အခက်အခဲရှိနေတာကို ကိုယ်တော်တို့ကြားသိရတဲ့အတွက် မြတန်းဆောင်းဖောင်ဒေးရှင်းကနေပြီးတော့ တတ်နိုင်သလောက် လာရောက်လှူဒါန်းပေးတာ။”
ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော်တို့ကြားတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ပြည်သူတွေ သံသယနဲ့ဖမ်းဆီးခံနေရတာဟာ လူအခွင့်အရေး ချိုးဖောက်ခံနေရတာလို့လည်း ဆရာတော်က မိန့်ပါတယ်။
“စစ်ရေးနဲ့မပတ်သက်တဲ့ ပြည်သူတွေ သံသယနဲ့ ဖမ်းဆီးခံနေကြရတယ်၊ အဲဒီလိုဖမ်းမယ်ဆိုရင်တော့ ရခိုင်တစ်ပြည်နယ်လုံးကို ဖမ်းရမလိုဖြစ်နေတယ်။ အဲဒီလို ခိုင်လုံတဲ့သက်သေ အထောက်အထားမရှိဘဲနဲ့ ဖမ်းနေမယ်ဆိုရင် ဒီထက်ပိုလို့များလာမှာဖြစ်တယ်။ ဒီဟာက စိုးရိမ်စရာကောင်းတဲ့ အချက်ပါ။ နောက်တစ်ချက်က လူ့အခွင့်ရေးနဲ့ နိုင်ငံသားအခွင့်အရေးကို ဗြောင်ဗြောင်တင်းတင်း ချိုးဖောက်ခံနေရတာလည်းဖြစ်တယ်။”
ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော်က အေအေနဲ့ ဆက်စပ်တယ်ဟုဆိုပြီး ကျေးရွာနေသူအချို့ကို သံသယနဲ့ ဖမ်းဆီးခေါ်ဆောင်စစ်ဆေးခဲ့ပြီးနောက် အချို့ကို ပြန်လည်လွှတ်ပေးခဲ့ပေမဲ့ အချို့ကိုတော့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေနဲ့ အမှုဖွင့်လှစ်ကာ ကျောက်ဖြူအကျဉ်းထောင်ကို ပို့ဆောင်ထားတာ ၆၀ ကျော် ရှိတယ်လို့ သိရပါတယ်။
နောင်နောင်