လားရှိုးခရိုင်တွင် ကိုယ်စားလှယ်လောင်းများ မဲဆွယ်ကုန်ကျစရိတ် တင်သွင်းမှု နည်းပါး
DVB
·
December 4, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်မှာ ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ကုန်ကျစရိတ် တင်သွင်းမှု လက်ရှိအချိန်ထိနည်းပါးနေသေးတယ်လို့ လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးအောင်စိုးမင်းက ပြောပါတယ်။
လားရှိုးခရိုင်မှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ပါတီတွေကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တအာင်း အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ဖြစ်ကြပါတယ်။
ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ၈၉ ယောက်ရှိရာမှာ လက်ရှိအချိန်အထိ ၃၂ ယောက်သာ မဲဆွယ်ကုန်ကျစရိတ်တင်သွင်းပြီး ၅၇ ယောက်ကျန်ရှိနေသေးတယ်လို့ လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးအောင်စိုးမင်းက ပြောပါတယ်။
“ပါတီတွေကို စာနဲ့ရော၊ ဖုန်းနဲ့ပါ အကြောင်းကြားထားပါတယ်။ ကုန်ကျစရိတ်တွေ နောက်ဆုံးတင်သွင်းရမယ့်ရက်ဟာ ဒီဇင်ဘာ ၁၂ နေ့ ညနေ ၄ နာရီခွဲဖြစ်ပြီး စနေနေ့ဖြစ်ပေမယ့် လည်း ရုံးဖွင့်လှစ်ကာလက်ခံပေးမှာဖြစ်တယ်။”
ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်အသုံးစရိတ်ဟာ ကျပ် ၈ သိန်း လောက်ကနေ ကျပ် သိန်း ၆၀ ကျော်ထိ ရှိနေပြီး မည်သူမဆိုကြည့်ရှုနိုင်ဖို့ ချိတ်ဆွဲထားကာ ဓာတ်ပုံ၊ ဗီဒီယိုတော့ ရိုက်ကူးလို့ မရဘူးလို့ သိရပါတယ်။
ရွေးကောက်ပွဲဥပဒေအရ ကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး အသုံးစရိတ် ကျပ်သိန်း ၁၀၀ ထက် ကျော်လွန်သုံးစွဲတာနဲ့ နောက်ဆုံးရက်အထိ ကုန်ကျစရိတ်စာရင်း မတင်သွင်းခဲ့ဘူးဆိုရင် ကိုယ်စားလှယ်လောင်းအရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်မှာဖြစ်ပြီး၊ အနီးဆုံးရွေးကောက်ပွဲမှာ ဝင်ရောက်ရွေးရွယ်ခံခွင့် တစ်ကြိမ်ဆုံးရှုံးမှာဖြစ်ပါတယ်။