ဒဂုံမြို့သစ်(တောင်ပိုင်း) တွင် လက်နက်များ ဖမ်းမိ
DVB
·
November 28, 2020
ရန်ကုန် ဒဂုံမြို့သစ်(တောင်ပိုင်း)မှာ ရန်ဖြစ်ဖို့ စောင့်နေသူတွေကို ဖမ်းဆီးရာကနေ သေနတ်တွေမိခဲ့ပြီး ဖော်ထုတ်ချက်အရ နောက်ထပ် လက်နက်တွေအများကြီး ဖမ်းမိခဲ့တယ်လို့ အစိုးရ ပြန်ကြားရေးနဲ့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မှာ လူအုပ်စုနှစ်စု ရန်ဖြစ်မယ်လို့ သတင်းရတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက စောင့်ကြည့်နေတုန်း ၆၆ ရပ်ကွက် ဧရာဝဏ်လမ်းဘေးမှာ မော်တော်ယာဉ်တစီးနဲ့ အဲဒီရပ်ကွက်မှာ နေသူတွေဖြစ်တဲ့ အသက် ၆၁ နှစ်အရွယ် မြရွှေ၊ ၂၈ နှစ်အရွယ် မျိုးကိုကိုနဲ့ ၂၉ နှစ်အရွယ် ဖြိုးသူအောင်တို့ကို တွေ့ခဲ့ပါတယ်။
သူတို့ဆီကနေ ၉-မမ ပစ္စတိုသေနတ် တလက်နဲ့ ကျည်အိမ်တခု၊ ကျည် ၁၀ တောင့်၊ ပွိုင့် ၂၂ ပစ္စတိုသေနတ် တလက်နဲ့ ကျည်အိမ်တခု၊ ကျည် ၁၂ တောင့်၊ ဓားဦးချွန် တချောင်းတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးချက်အရ သူတို့ဟာ လောင်းကစားလုပ်သူတွေဖြစ်ပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၂၀ ရပ်ကွက်နေ အမျိုးသားတယောက်က သူ့ရဲ့သားအရိုက်ခံခဲ့ရလို့ လာရောက် ခြိမ်းခြောက် ကြိမ်းမောင်းပြောဆိုခဲ့တာကို မကျေနပ်ဘဲ ရန်ဖြစ်ဖို့အတွက် စောင့်နေတာလို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ ဆက်စပ်တရားခံတယောက်ကို ဆက်ပြီးဖော်ထုတ်ခဲ့ရာမှာ သံလျင်မြို့နယ် ဘုရားကုန်းရွာ နေအိမ် ခြံဝင်းတခုကနေ ဂက်စ်နဲ့ ပစ်ခတ်ရတဲ့ သေနတ်အရှည် ၈ လက်၊ အတို ၄ လက်နဲ့ ထည့်သွင်းအသုံးပြုရတဲ့ ဘောစေ့တွေ၊ ဒူးလေး ၁ လက်၊ သေနတ်မှာ တပ်ဆင်တဲ့ ဂက်စ်အိုးငယ် ၁၁ ခု၊ ဂက်စ်ဖြည့်ဘူး ၇ ဘူး၊ စနိုက်ပါ မှန်ပြောင်း ၃ ခု၊ ကင်ဒိုဓား ၁ ချောင်း ထပ်ပြီး သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - ရဲဇာနည်