ပွင့်လင်းရာသီတွင် ခရီးသွားလာခြင်းမပြုပဲ အိမ်တွင်သာ နေထိုင်ရန် အစိုးရပန်ကြား
DVB
·
November 20, 2020
မကြာခင် ရောက်လာတော့မယ့် ပွင့်လင်းရာသီ ပိတ်ရက်ရှည်တွေမှာ ပြည်သူတွေအနေနဲ့ မလိုအပ်ပဲ ခရီးသွားလာတာတွေ၊ လူစုလူဝေးပြုလုပ်တာတွေ မလုပ်ကြဖို့နဲ့ တတ်နိုင်သမျှ နေအိမ်ထဲမှာသာ နေထိုင်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပန်ကြားလိုက်ပါတယ်။
အဲဒီပန်ကြားချက်ထဲမှာ နိုဝင်ဘာ ၁၈ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာတွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ ဆေးရုံက ဆင်းခွင့်ရခဲ့ကြောင်းနဲ့ သေဆုံးသူ ၁,၆၅၀ ရှိခဲ့တယ်လို့ ကနဦးဖော်ပြထားခဲ့ပါတယ်။
လတ်တလော မြန်မာနိုင်ငံမှာ ဆောင်းရာသီကို စတင်ကူးပြောင်းတဲ့ ကာလဖြစ်တဲ့အတွက် သဘာဝအားဖြင့် ဗိုင်းရပ်စ်ရောဂါပိုးတွေ ကူးစက်ပြန့်ပွားမှုတွေ ပိုဖြစ်နိုင်ပြီး လူစုလူဝေးနဲ့ ခရီးသွားလာမှုတွေကနေ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ ပိုပြီးတော့ ပြန့်ပွားလာစေတာမို့ ဆင်ခြင်လိုက်နာကြစေဖို့ နိုဝင်ဘာ ၁၉ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲအကြိုကာလနဲ့ ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်ပေါ်ခဲ့တဲ့ လူစုလူဝေးတွေကြောင့် ရောဂါကူးစက်ဖြစ်ပွားမှု တိုးမြင့်လာခြင်းရှိမရှိ စောင့်ကြပ် ကြည့်ရှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကိုလည်း ဝန်ကြီးဌာနအနေနဲ့ အရှိန်အဟုန် မြှင့်ဆောင်ရွက်နေပြီး အထူးအစီအစဉ်အနေနဲ့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တွေ ဦးဆောင်ကာ မျက်နှာနဲ့ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်နဲ့ လူထုကို အသိပညာပေးမှုတွေလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါပိုမိုကူးစက်မှု တိုးမလာစေဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီလိုက်နာနေထိုင်ကြဖို့ နှိုးဆော်ထားပါတယ်။
နိုဝင်ဘာ ၁၉ ရက်ည ၈ နာရီအထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၇၄,၈၈၂ ယောက်၊ သေဆုံးသူ ၁,၆၇၆ ယောက်နဲ့ ဆေးရုံက ဆင်း ခွင့်ရသူစုစုပေါင်း ၅၅,၆၃၃ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
တကမ္ဘာလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၅၇ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၃ သန်းကျော်နဲ့ ရောဂါသက်သာလာသူစုစုပေါင်း ၃၉ ဒသမ ၆ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။