ပုသိမ်တွင် ကော်မရှင်ဥက္ကဋ္ဌ နုတ်ထွက်ပေးရေး တကိုယ်တော်ဆန္ဒပြသူ တရားစွဲခံရ
DVB
·
November 19, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အောက်တိုဘာ ၂၈ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နုတ်ထွက်ပေးရေး တကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့တဲ့ ဦးအေးဝင်းကို ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၇ ရက်နေ့က ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုလိုက်ပါတယ်။
တရားစွဲဆိုခံရတဲ့ ဦးအေးဝင်းဟာ ပုသိမ်မြို့ရဲ့ လူစည်ကားရာ နေရာတွေမှာ ခွင့်ပြုချက်ရှိဘဲ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နုတ်ထွက်ပေးပါဆိုတဲ့ ဗွီနိုင်းပိုစတာ ကိုင်ဆောင်ကာ တကိုယ်တော် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့တာပါ။
တကိုယ်တော် ဆန္ဒဖော်ထုတ်တာနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၁၇ ရက်နေ့မှာ ရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်ကာ တရားစွဲတင်ပို့ခဲ့တဲ့အတွက် အာမခံယူခဲ့ရတယ်လို့ တကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သူ ဦးအေးဝင်းက ပြောပါတယ်။
"တရားရုံးရောက်တော့ တရားသူကြီးက မေးတယ်၊ ဦးကို ထောင် ၆ လကျနိုင်တဲ့ ပုဒ်မနဲ့ တရားစွဲထားတာ ဦးမှာအပြစ်ရှိလား မရှိဘူးလား မေးတော့ မရှိဘူးလို့ဖြေလိုက်တယ်။ အဲ့တော့ ခံပြသက်သေအနေနဲ့ အစစ်ခံရမယ်ပြောတယ်" လို့ ပြောပါတယ်။
တကိုယ်တော် ဆန္ဒထုတ်ဖော်မှုကြောင့် တရားစွဲခံရသူက နိုင်ငံသားတယောက်အနေနဲ့ ဒီမိုကရေစီနိုင်ငံမှာ လူတိုင်းက ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်နဲ့ ဆန္ဒဖော်ထုတ်ခွင့်ရှိတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေကို အသိပေးအကြောင်းကြားပြီး ခုလို တကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့တာလို့ ဆိုပါတယ်။
ကော်မရှင်ဥက္ကဋ္ဌ နုတ်ထွက်ပေးရေး တကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့တဲ့ ဦးအေးဝင်းကို ပုသိမ်နယ်မြေရဲစခန်းမှာ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားပြီး ဒီဇင်ဘာ ၁ ရက်နေ့ တရားရင်ဆိုင်သွားရမယ်လို့ သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)