Homeမြန်မာသတင်း
တံခါးရင်းကျေးရွာတွင် ကိုဗစ်ထောက်ပံ့ငွေအပြည့်အဝမရရှိမှု အောက်ခြေအထိစစ်ဆေးပေးရန် တောင်းဆို
တံခါးရင်းကျေးရွာတွင် ကိုဗစ်ထောက်ပံ့ငွေအပြည့်အဝမရရှိမှု အောက်ခြေအထိစစ်ဆေးပေးရန် တောင်းဆို
DVB
·
November 15, 2020
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဗြဟ္မဒါတ်ကျေးရွာအုပ်စု တံခါးရင်းကျေးရွာမှာ နိုင်ငံတော်ကပေးတဲ့ ထောက်ပံ့ငွေ အပြည့်အဝမပေးပဲ ဖြတ်ယူထားမှုကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်ကတည်းက တိုင်ကြားထားပေမဲ့ ဒီနေ့အထိ စစ်ဆေးအရေးယူတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဗြဟ္မဒါတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား သမ္မတဆီ လိပ်မူပြီး စက်တင်ဘာ ၂၄ ရက်နေ့က တိုင်တန်းခဲ့တာဖြစ်ပေမဲ့ အောက်ခြေမှာ ဒီနေ့အချိန်ထိ စစ်ဆေးမှုမရှိသေးဘူးလို့ ဆိုပါတယ်။
ဒေသခံပြည်သူတွေဟာ နိုင်ငံတော်ကသတ်မှတ်ပေးတဲ့အတိုင်း အပြည့်ဝရရှိဖို့ တာဝန်ရှိသူတွေ အောက်ခြေထိ ကွင်းဆင်းစစ်ဆေးပေးဖို့ လိုလားနေကြတာပါ။
တံခါးရင်းကျေးရွာနေ မယဥ်နုက “ကျမတို့ရွာထောက်ပံ့ကျေးရတာ ၁၀,၀၀၀၊ ၁၅,၀၀၀ လောက်ပဲရတာ။ ၂၀,၀၀၀ အပြည့်မရဘူး။ ၃ ကြိမ်ဖြတ်ခံရတာ။ ပထမအကြိမ်တုန်းက အပြည့်ရတယ်။ ဒုတိယအကြိမ်နဲ့တတိယအကြိမ်ကျတော့ ၅,၀၀၀ ဆီ အဖြတ်ခံရတယ်။ စတုတ္ထအကြိမ်ကျတော့ ၁၀,၀၀၀ အဖြတ်ခံရတယ်။ ကျမတို့က အခြေခံလူတန်းစားဆိုတော့ အပြည့်ရချင်တယ်။ ဒါ့ပေမယ့် မရဘူး။ နိုင်ငံတော်က တဖက်တလမ်းက ထောက်ပံ့ပေးတဲ့ဟာကို ကျေးဇူးလည်းတင်တယ်။ ကျမတို့အတွက်လည်း အထောက်ကူရတယ်”လို့ ပြောပါတယ်။
ဒေသခံ ဦးကျော်သင်းလှက “နိုင်ငံတော်ကထောက်ပံ့ပေးတဲ့ ကိုဗစ်ထောက်ပံ့ငွေ အပြည့်အဝမရရှိခဲ့တာကြောင့် ၉ လပိုင်း ၂၄ ရက်နေ့က တိုင်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မဆီက ကျနော်ဆီကို အောက်တိုဘာ ၇ ရက်နေ့က ပြန်စာရခဲ့ပါတယ်။ ဒီပြန်စာကလည်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကို စစ်ဆေးပေးဖို့ လွှဲထားတဲ့စာပါ။ အောက်ခြေမှာတော့ ဒီနေ့အချိန်ထိ စစ်ဆေးမှု မရှိသေးပါဘူး။ အခုဝေမယ့် ၂၀,၀၀၀ ဟာလည်း ကျနော်တို့အုပ်စုမှာတော့ ရောက်နေပါပြီ။ သရက်ကန်က ၁ အိမ်ကို ၁၀,၀၀၀ နဲ့ ဗြဟ္မဒါတ်မှာတော့ ၁ အိမ်ကို ၈,၀၀၀ နှုန်းနဲ့ဝေပါတယ်။ ကျနော်တို့ရွာမှာတော့ မဝေသေးပါဘူး။ အဲဒါကြောင့် နိုင်ငံတော်ရဲ့ ညွှန်ကြားချက်တွေကို အောက်ကပြည်သူတွေ အမှန်အကန် အပြည့်အဝရရှိဖို့ အောက်ခြေထိ ကွင်းဆင်းပြီး စနစ်တကျလေး ကူညီစေချင်တယ်” လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ယင်းမာပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင်ကို ဆက်သွယ်မေးမြန်းရာမှာ ဝေတဲ့ဌာနဆိုင်ရာ ခေါင်းဆောင်နဲ့ စစ်ခိုင်းထားတယ်လို့ ပြောပါတယ်။
တံခါးရင်းကျေးရွာမှာ ကိုဗစ်ထောက်ပံ့ငွေရရှိသူ အိမ်ထောင်စုဦးရေ ၁၁၅ အိမ် ရှိတယ်လို့ သိရပါတယ်။