Homeမြန်မာသတင်း
နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ချုပ်ရက်ခံစားခွင့်မရှိ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ်ချ
နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ချုပ်ရက်ခံစားခွင့်မရှိ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ်ချ
DVB
·
November 12, 2020
နှင်းဆီပါတီ ခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP)ရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ချုပ်ရက်ခံစားခွင့်မရှိ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ထောင်ပြေးမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ အရ တရားစွဲဆိုခံထားရတဲ့အပေါ်မှာ ချမ်းအေးသာစံတရားရုံးကနေ နိုဝင်ဘာ ၁၂ ရက်နေ့ နေ့လည်ပိုင်းက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာပါ။
ပြစ်ဒဏ်ချမှတ်ရာမှာ ဦးကျော်မြင့်ရဲ့ ကျန်းမာရေးအခြေအနေကို ထည့်သွင်း စဉ်းစားပေးစေချင်တယ်လို့ သူ့ရဲ့ တရားလွှတ်တော်ရှေ့နေ ဦးနေလင်းထွန်းက ပြောပါတယ်။
"တရားခံတစ်ယောက်အနေနဲ့ကတော့ အယူခံအခွင့်အရေးရှိပါတယ်ခင်ဗျ။ သူ့ရဲ့အခွင့်အရေး အနေနဲ့ကတော့ ကျနော်တို့က ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်ပေးသွားမှာပါ။ ကျနော့်အနေနဲ့ အမြင့်ဆုံးချမှတ်တဲ့ ပြစ်ဒဏ်ပေါ်မှာတော့ တစုံတရာမှတ်ချက်တော့ မပေးလိုဘူး၊ ဒါပေမယ့် ကျနော့်အနေနဲ့ပြောချင်တာကတော့ သူ့ရဲ့အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေအရ ထည့်သွင်းစဉ်းစားစေချင်ပါတယ်ပေါ့နော်၊ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်လိုက်တာကတော့ ဒါ ဥပဒေအရ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရ ချတာကိုတော့ လက်ခံလို့ရတယ်၊ လက်ခံပါတယ်။ ဒါပေမယ့် တရားခံရဲ့ ကျခံရမယ့် အချိန်အတိုင်းအတာမှာ သူ့ရဲ့အသက်နဲ့ ကျန်းမာရေးကလည်း ထည့်သွင်းစဉ်းစားဖို့တော့ လိုအပ်တယ်လို့ ကျနော့်အနေနဲ့မြင်ပါတယ်ဗျ" လို့ ပြောပါတယ်။
အသက် ၆၉ နှစ်အရွယ် ဦးကျော်မြင့်ဟာ ၁၉၉၉ ခုနှစ် ဇန်နဝါရီလက အကျဉ်းထောင်ကနေ ထွက်ပြေးခဲ့ပြီးတဲ့နောက် ၂၁ နှစ်အကြာမှာမှ ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ ၂၀၂၀ ခုနှစ် စက်တင်ဘာ ၂၉ ရက်ညက ဖမ်းဆီးခဲ့ပြီး စင်တင်ဘာလ ၃၀ ရက်နေ့မှာ မန္တလေးမြို့က အိုးဘိုထောင်ကို ပြန်လည်ပို့ဆောင်ကာ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ချမ်းအေးသာစံမြို့နယ်တရားရုံးရဲ့ ပြန်ကြားရေးအရာရှိ ဦးကျော်မျိုးဝင်းက "တရားရုံးက တခါတလေကျတော့လည်း ပြစ်ဒဏ်ဆိုတာတော့ စဉ်းစားပြီး ချရတာပေါ့နော်။ ကျနော်တို့ တရားရုံးက ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ကတော့ ပုံမှန်အားဖြင့်တော့ မျှတတဲ့ပြစ်ဒဏ်တွေ ချမှတ်လေ့ရှိတယ်၊ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်တယ်ဆိုတာကလည်း ထောင်ဒဏ်ကနည်းပါတယ်။ နှစ်နှစ်ပဲရှိတယ်။ နောက်ထပ် ဒီထွက်ပြေးတဲ့အကျိုးဆက်ကြောင့် ထောင်ဒဏ်ကျခံခဲ့ရတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေလည်း နစ်နာမှုတွေကလည်း ရှိတဲ့အတွက် တရားရုံးက ဒီ ၂ နှစ် သင့်တော်မယ်လို့ ယူဆတဲ့အတွက် ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်" လို့ပြောပါတယ်။
ဦးကျော်မြင့်အနေနဲ့ ထောင်ပြေးမှုကြောင့် ယခင်ကြွေးကျန် ထောင်ဒဏ်အပြင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် သီးခြားကျခံရမှာဖြစ်ပြီး ချုပ်ရက်ခံစားခွင့်မရှိဘူးလို့လည်း သိရပါတယ်။
ဒါ့အပြင် လဝက ဥပဒေ ၁၃ (၁) အရ စွဲချက်တင်သင့် မတင်သင့်ကိုလည်း နှစ်ဖက် လျှောက်လဲချက် ကြားနာပြီးဖြစ်တာကြောင့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ စွဲချက်တင်သင့် မတင်သင့် အမိန့်ကို ချမှတ်မယ်လို့ သိရပါတယ်။
သတင်း - ထိန်ထိန်လင်း၊ ဓာတ်ပုံ - MPA