Homeမြန်မာသတင်း
ကန်ကြီးထောင့်တွင် အန်အယ်လ်ဒီပါတီဝင် ၁ ဦး အောင်ပွဲခံအပြီး အုတ်ခဲဖြင့်အထုခံရသဖြင့် သေဆုံး
ကန်ကြီးထောင့်တွင် အန်အယ်လ်ဒီပါတီဝင် ၁ ဦး အောင်ပွဲခံအပြီး အုတ်ခဲဖြင့်အထုခံရသဖြင့် သေဆုံး
DVB
·
November 11, 2020
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာမှာ နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်းက အန်အယ်လ်ဒီပါတီဝင် ၁ ဦး အုတ်ခဲနဲ့အထုခံရပြီး သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။
သေဆုံးခဲ့သူ အောင်ဇင်ဖြိုး(ခ) အသေးလေးဟာ အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ အနိုင်ရလို့ အောင်ပွဲခံပွဲကနေ ပြန်အလာ လူ ၃ ဦးက သူ့ကို ဝိုင်းပြီး အုတ်ခဲတွေနဲ့ဝိုင်းထုခံရပြီး သေဆုံးခဲ့တာလို့ ကန်ကြီးထောင့်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
သူက အောင်ပွဲခံပြီပြန်တာ ည ၉ နာရီလောက်ပေါ့ လမ်းမှာ လူသုံးယောက်က အုတ်ခဲတွေနဲ့ ထုတယ်ပြောတယ်၊ လောလောဆယ်တော့ ရဲစခန်းမှာ အမှုဖွင့်ထားပါပြီ၊ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာတော့ ပြောလို့မရသေးဘူးလို့ ပြောပါတယ်။
ကိုအောင်ဇင်ဖြိုး(ခ)အသေးလေး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ကန်ကြီးထောင့်မြို့မရဲစခန်းကို ဇနီးဖြစ်သူကိုယ်တိုင်လာရောက်အမှုဖွင့်ခဲ့ပြီး တရားခံ ၁ ဦးကို ဖမ်းမိထားပြီးလို့ ကန်ကြီးထောင့်မြို့မ ရဲစခန်းမှူး ဒုရဲမှူးလှမြင့်က ဒီဗွီဘီကို ပြောပါတယ်။
“ညက သေဆုံးသူရဲ့ ဇနီးကိုယ်တိုင် အမှုလာဖွင့် ပါတယ်။ ခုသေဆုံးသူကို သတ်တဲ့ တစ်ရွာထဲနေ တရားခံကို ညက ဖမ်းမိထားပါတယ်၊ ညက ဖြစ်စဉ်ကို တင်ပြတာတွေလုပ်နေရတော့ အမှုအသေးစိတ်ကို မစစ်ဆေးရလို့ ဘယ်အဖွဲ့အစည်း ဘာအကြောင်းအရာကြောင့်လုပ်တယ်ဆိုတာ ပြောလို့မရသေးဘူး” လို့ ပြောပါတယ်။
ခဲနဲ့ထုသတ်ခဲ့တဲ့သူကို ကန်ကြီးထောင့်မြို့မရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)