Homeမြန်မာသတင်း
တံဆိပ်တုံးအတုများ ပေါ်ထွက်နေသဖြင့် UEC တံဆိပ်ပါရှိခြင်း ရှိ/မရှိ ကြည့်ရှုပြီးမှ မဲပေးရန် တိုက်တွန်း
တံဆိပ်တုံးအတုများ ပေါ်ထွက်နေသဖြင့် UEC တံဆိပ်ပါရှိခြင်း ရှိ/မရှိ ကြည့်ရှုပြီးမှ မဲပေးရန် တိုက်တွန်း
DVB
·
November 6, 2020
တံဆိပ်တုံးအတုတွေ ပေါ်ထွက်နေတာကြောင့် မဲဆန္ဒရှင်ပြည်သူတွေ နိုဝင်ဘာလ ၈ နေ့ မဲပေးတဲ့အခါမှာ တံဆိပ်တုံးမှာ UEC စာလုံး သုံးလုံးပါရှိခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး UEC စာလုံးပါရှိမှသာ ဆန္ဒမဲပေးကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၆ ရက်နေ့ညမှာ အသိပေးကြေညာလိုက်ပါတယ်။
အခုကာလမှာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးတဲ့ လုပ်ငန်းတွေကိုဆောင်ရွက်နေရာမှာ တိုင်းဒေသကြီး/ ပြည်နယ်တချို့မှာ UEC စာလုံး သုံးလုံးမပါဝင်တဲ့ အမှန်ခြစ်တံဆိပ်တုံးအတုတွေ ပေါ်ထွက်နေကြောင်း တွေ့ရှိရတယ်လို့ ကော်မရှင်ကဆိုပါတယ်။
ဒါ့ကြောင့် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲကျင်းပတဲ့နေ့ မဲရုံသို့ လာရောက်မဲပေးကြရာမှာ ဆန္ဒမဲမပေးခင် ကြိုတင်ပြီး အမှန်ခြစ်တံဆိပ်တုံးမှာ UEC စာလုံး သုံးလုံးပါရှိခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး UEC စာလုံး ပါရှိမှသာ မိမိမဲပေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ အမည်နဲ့ သင်္ကေတအမှတ်အသား တည့်တည့်မှာရှိတဲ့ လေးထောင့်အကွက်ထဲ တံဆိပ်တုံးကိုနှိပ်ကာ ဆန္ဒပြုကြဖို့ တိုက်တွန်းထားပါတယ်။
တကယ်လို့ ဆန္ဒပြုအမှန်ခြစ်တံဆိပ်တုံးမှာ UEC စာလုံး မပါရှိကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်တွေကို ချက်ချင်းသတင်းပို့ အကြောင်းကြားလဲလှယ်ဆောင်ရွက်ကြဖို့လည်း ကော်မရှင်က အသိပေးကြေညာထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး နိုင်ငံတဝန်းမှာ အသက် ၆၀ ကျော်အရွယ်တွေ ကြိုတင်မဲပေးခဲ့ကြရာမှာ ရပ်ကျေးမဲရုံတချို့မှာ UEC အမှတ်တံဆိပ်မပါတဲ့ တံဆိပ်တုံးအတုတွေနဲ့ မဲပေးတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့လို့ အမှုဖွင့်အရေးယူတာတွေနဲ့ မဲပြန်ပေးရတာတွေ ရှိခဲ့ပါတယ်။