Homeမြန်မာသတင်း
မဲရုံအတွင်း ပါတီအမှတ်အသားပါသည့် ဝတ်စားဆင်ယင်မှုမလုပ်ရန်နှင့် ကင်မရာရိုက်ကူးခြင်း မလုပ်ရန်နှိုးဆော်
မဲရုံအတွင်း ပါတီအမှတ်အသားပါသည့် ဝတ်စားဆင်ယင်မှုမလုပ်ရန်နှင့် ကင်မရာရိုက်ကူးခြင်း မလုပ်ရန်နှိုးဆော်
DVB
·
November 6, 2020
မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မဲရုံအတွင်း ဗွီဒီယိုကင်မရာ၊ လက်ကိုင်တယ်လီဖုန်း ကင်မရာစတာတွေ ရိုက်ကူးခြင်း၊ အသံဖမ်းယူခြင်း မပြုလုပ်ဖို့နဲ့ ပါတီအမှတ်အသားပါတဲ့ ဝတ်စားဆင်ယင်မှုနဲ့၊ အသုံးအဆောင်ပစ္စည်းတွေ အသုံးပြုခြင်း မပြုလုပ်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထပ်မံအသိပေးနှိုးဆော်လိုက်ပါတယ်။
နိုဝင်ဘာလ ၈ ရက် ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ မဲရုံတွေကို လာရောက် ဆန္ဒမဲပေးကြမယ့် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေတွေ၊ နည်းဥပဒေ ၄၈ ပါ ပြဋ္ဌာန်းချက်အရ မဲရုံအတွင်းသို့ ဝင်ရောက်ခွင့်ရှိကြသူတွေ လိုက်နာဆောင်ရွက်ရမယ့် စည်းကမ်းတွေကို ဒီကနေ့ နိုဝင်ဘာ ၆ ရက်နေ့မှာ ကော်မရှင်က ထုတ်ပြန်လိုက်တာပါ။
မဲဆန္ဒရှင်တစ်ဦးချင်းစီရဲ့ လျှို့ဝှက်ဆန္ဒမဲပေးခြင်းကို မထိခိုက်စေရေးအတွက် မဲရုံပရိဝုဏ်နဲ့ မဲရုံအတွင်းတွင် ဗွီဒီယိုကင်မရာ၊ ကင်မရာ၊ လက်ကိုင်တယ်လီဖုန်း ကင်မရာ စတာတွေနဲ့ မှတ်တမ်းတင်ရိုက်ကူးခြင်း၊ အသံဖမ်းယူခြင်းတို့ကို မပြုလုပ်ကြဖို့ တားမြစ်ထားပါတယ်။
သက်ဆိုင်ရာပါတီရင်ထိုးတံဆိပ်/ တစ်သီးပုဂ္ဂလ ရင်ထိုးတံဆိပ် ရှိခဲ့လျှင် တပ်ဆင်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ပွဲကိုယ်စားလှယ်တွေ၊ မဲရုံကိုယ်စားလှယ်တွေနဲ့ အကူကိုယ်စားလှယ်တွေကလွဲပြီး ကျန်ပုဂ္ဂိုလ်တွေဟာ ပါတီအမှတ်အသားပါတဲ့ သို့မဟုတ် မဲဆွယ်စည်းရုံးရာရောက်တဲ့ မည်သည့်ဝတ်စားဆင်ယင်မှုနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုမျှ ဝတ်ဆင်ခြင်း/အသုံးပြုခြင်း မပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
မဲရုံမှာ တည်ငြိမ်အေးချမ်းမှုရှိစေဖို့၊ ရွေးကောက်ပွဲကို တရားမျှတစွာဖြစ်စေဖို့နဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေ မဲရုံအတွင်းသို့ စည်းကမ်းတကျ ဝင်ရောက်နိုင်ရေးနဲ့ စနစ်တကျ မဲပေးနိုင်ရေးတို့အတွက် မဲရုံမှာ တာဝန်ထမ်းဆောင်ကြတဲ့ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲဝင်နဲ့ မဲရုံမှူး/ မဲရုံအဖွဲ့ဝင်တစ်ဦးဦးတို့က တာဝန်အရ ညွှန်ကြားတာကို လိုက်နာဆောင်ရွက်ရမယ်လို့လည်းဆိုပါတယ်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်တွေနဲ့အညီ လွတ်လပ်တရားမျှတ၍ တည်ငြိမ်အေးချမ်းစွာနဲ့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူအားလုံးက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြဖို့လည်း ကော်မရှင်က နှိုးဆော်ထားပါတယ်။
PHOTO-UEC