စစ်အစိုးရခေါင်းဆောင်ဟောင်း ဦးသန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင်တို့ ကြိုတင်မဲပေး
နေဖြိုးဝင်း
·
November 6, 2020
နအဖ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအပါအဝင် အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်းတွေဟာ ခြောက်လုံးတန်းလို့ခေါ်တဲ့ နေပြည်တော်ရှိ အငြိမ်းစား ထိပ်တန်း ခေါင်းဆောင်တွေနေထိုင်ရာ နေအိမ်အသီးသီးမှာ နိုဝင်ဘာ ၆ ရက်က ကြိုတင်မဲ ပေးခဲ့ကြပါတယ်။
အခုလိုကြိုတင်မဲပေးဖို့အတွက် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာမဲရုံ(၂)က အိမ်အရောက်သွားရောက်ကောက်ယူ ပေးခဲ့ကြတာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)နဲ့ ဇနီးဒေါ်ကြိုင်ကြိုင်တို့အနေနဲ့ ကိုယ်တိုင်မဲပေးခဲ့တယ်လို့ ပြည်ထောင်စုနယ်မြေရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေးက ပြောပါတယ်။
“ကျန်းမာရေးကောင်းပါတယ်၊ သူကိုယ်တိုင်တံဆိပ်တုံးထုပြီး ကိုယ်တိုင်မဲပေးတာပါ ” လို့ ဦးသိန်းထွေးက ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)အနေနဲ့ အခုလို ကြိုတင်မဲပေးအပြင် လက်ရှိနိုင်ငံရေး အခြေအနေတွေနဲ့ပတ်သက်လို့ ပြောဆိုတာ အမှာစကားပါးတာမျိုးမရှိဘူးလို့ သိရပါတယ်။
ဒီနေ့မှာတော့ ခြောက်လုံးတန်းမှာနေထိုင်တဲ့ အငြိမ်းစားထိပ်တန်းခေါင်းဆောင်တွေကို ကြိုတင်မဲလိုက်ခံကောက်ယူတာ ပြီးစီးပြီဖြစ်တယ်လို့ သိရပါတယ်။
သမ္မတဟောင်း ဦးသိန်းစိန်နဲ့ဇနီးတို့ကတော့ ဒီနေ့မနက်ပိုင်းကပဲ အိမ်ခြံဝမှာ ကိုယ်တိုင်ကြို တင်မဲ ထွက်ပေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ အငြိမ်းစားဗိုလ်ချုပ်ကြီး ရွှေမန်းက ညောင်ပင်ကြီးစုကျေးရွာမဲရုံမှာ ကိုယ်တိုင်ကြိုတင်မဲထွက်ပေးခဲ့ပါတယ်။