Homeမြန်မာသတင်း
ရွေးကောက်ပွဲပျက်ပြားစေရန် အချိန်ကိုက်လှုပ်ရှားမှုများကို အထူးသတိပြုရန် သမ္မတရုံး သတိပေး
ရွေးကောက်ပွဲပျက်ပြားစေရန် အချိန်ကိုက်လှုပ်ရှားမှုများကို အထူးသတိပြုရန် သမ္မတရုံး သတိပေး
DVB
·
November 4, 2020
အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းသာလိုတော့တဲ့အချိန်မှာ ရွေးကောက်ပွဲပျက်ပြားအောင် လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ အထူးသတိပြုကြဖို့လိုတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်ပြီး ရွေးကောက်ပွဲပျက်ပြားအောင် အချိန်ကိုက်လှုပ်ရှားမှုတွေကို အထူးသတိထားကြဖို့လိုတယ်လို့ နိုဝင်ဘာ ၄ ရက်က ပြုလုပ်တဲ့ သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောကြားခဲ့တာပါ။
“ခင်ဗျားတို့ မီဒီယာတွေမှာ အုတ်အော်သောင်းတင်းဖြစ်နေတဲ့ အကြောင်းအရာတွေမှာလည်း ပါပြီး ဖြစ်ပါတယ်။ တချို့နေရာတွေမှာ တမင်သက်သက် ရမယ်ရှာတဲ့ဟာတွေရှိတယ်။ တချို့နေရာတွေမှာ တချို့နေရာတွေမှာ အချိန်ကိုက်လှုပ်ရှားတာတွေ ရှိတယ်။ ဆိုလိုတာက ဒီအခြေအနေတွေဟာ ပုံမှန်မဟုတ်ဘူး။ ပုံမှန်မဟုတ်တဲ့အတွက် သတိပြုဖို့အတွက် ကျနော်တို့ပြောတာ ဖြစ်ပါတယ်။ ” လို့ ဦးဇော်ဌေးက ပြောပါတယ်။
ပြည်သူတွေအနေနဲ့ ဒီအချက်အပေါ်မှာ သတိရှိကြဖို့အတွက် နှိုးဆော်တာဖြစ်တယ်လို့ ဆိုပြီး ရွေးကောက်ပွဲအောင်မြင်ရေးကိုပဲ ပန်းတိုင်အဖြစ်သတ်မှတ်ဆောင်ရွက်ဖို့လိုတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးပါတီတချို့က ကိုဗစ်-၁၉ ရောဂါကို အကြောင်း ပြပြီး ရွေးကောက်ပွဲရွှေ့ဆိုင်းပေးဖို့ တောင်းဆိုကြပေမယ့် အချိန်အကန့်အသတ်ကြောင့် မရွှေ့ဆိုင်းဖို့ ကော်မရှင်က ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
“ ဒီကြားထဲမှာလည်း ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းပေးဖို့ပြောဆိုတာတွေ ၊ထုတ်ပြန်တာတွေ၊ တိုက်တွန်းတာတွေ ကြားသိရပါတယ်။ ဒါပေမဲ့ အခုလို Election process အရ ကြားမှာ အနည်းဆုံး ၂ လခွဲ အချိန် လိုအပ်ချက်ရှိနေတဲ့အတွက် ရွှေ့ဆိုင်းဖို့ဆိုတာ ကော်မရှင်အနေနဲ့ အင်မတန်မှ ခက်ခဲတယ်ဆိုတာတွေ့ရှိနိုင်ပါတယ်။ နောက် တစ်ချက်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသစောင့်ရှောက်ရေးအခြေအနေတွေကိုလည်း ထည့်သွင်းပြီး ခြုံငုံသုံးသပ်ခဲ့ရတာ ဖြစ်ပါတယ်။”
လာမယ့်အထွေထွေရွေးကောက်ပွဲကို ကိုဗစ်-၁၉ စည်းမျဉ်း စည်ကမ်းတွေနဲ့အညီ ပြုလုပ်ရမှာဖြစ်ပြီး ကာကွယ်ရေးပစ္စည်းတွေကို တရုတ်နိုင်ငံကနေ ယူရို သန်း ၃၀ ကျော်ဖိုးဝယ်ယူထားပြီး သက်ဆိုင်ရာနေရာတွေကို ပေးပို့ထားတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
သတင်း-ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)