ဝန်ကြီးချုပ်ပုံရိပ်နှင့် ငွေကြေးအခက်အခဲ ရင်ဆိုင်နေရဟု KySDP ကိုယ်စားလှယ်လောင်းပြော
နော်နိုရင်း
·
November 2, 2020
ရွေးကောက်ပွဲအတွက် မယ်စဲ့မြို့နယ် မဲဆန္ဒနယ်-၂ မှာ ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနဲ့ ယှဉ်ပြိုင်ရတဲ့အတွက် ဝန်ကြီးချုပ်ပုံရိပ်နဲ့ ငွေကြေးအခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ကိုယ်စားလှယ်လောင်း နော်မြင့်ထူးက ပြောပါတယ်။
“စိန်ခေါ်မှုတွေကတော့ အမျိုးမျိုးရှိတာပေါ့နော်။ တိုင်းရင်းသားပါတီကို မဲပေးခြင်းအားဖြင့် တိုက်ပွဲပြန်ဖြစ်လာနိုင်တယ်တိုတဲ့ ပြောဆိုမှုတခု၊ ပြီးတော့ ကျမအနေနဲ့ အခက်အခဲမှာဆိုရင် သွားလာတဲ့နေရာမှာ ကျမက အမျိုးသမီးတဦးဖြစ်တဲ့အတွက် သွားလာတဲ့နေရာမှာ နည်းနည်းခက်ခဲတယ်။ နောက် ငွေရေးကြေးရေးမှာ သူများလိုလည်း မသုံးနိုင်ဘူး။ ပြီးတော့ ကိုယ်ကလည်း အယ်လ်ဖောင်းရှို ဆိုရင်လည်း တကယ့် ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့အတွက် သူ့ရဲ့ပုံရိပ်တချို့က ကျန်ခဲ့သေးတယ်။”
ဒါ့အပြင် ပါတီတချို့က လိုက်လံစည်းရုံးမှုတွေ လုပ်တဲ့အခါမှာ တိုင်းရင်းသားပါတီကို မဲပေးရင် တိုက်ပွဲဖြစ်မယ်ဆိုတဲ့ ပြောဆိုမှုတွေရှိနေတယ်လို့ နော်မြင့်ထူးက ပြောပါတယ်။
“အခု ကြားရာတာပေါ့နော်။ တိုင်းရင်းသားပါတီကို မဲပေးခြင်းအားဖြင့် တိုက်ပွဲပြန်ဖြစ်နိုင်တယ် ဆိုတဲ့ဟာပေါ့နော်။ အများအားဖြင့် ဒေသခံဘယ်သူမဆို တိုက်ပွဲဖြစ်ရမှာ ကြောက်တယ်လေနော်။ အဲလိုမျိုး သွားပြောလိုက်ခြင်းအားဖြင့် ဒေသခံတွေက ကြောက်တော့ ကိုယ့်ကို မဲမပေးရဲတဲ့အထိ ဖြစ်တယ်ပေါ့နော်။ ဒါပေမဲ့ ကိုယ်က မနည်းပြန်လိုက်ရှင်းပြရတာပေါ့။”
ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုဟာ မယ်စဲ့မြို့နယ် မဲဆန္ဒနယ်-၂ မှာ ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး သူ့ရဲ့ ပြိုင်ဘက်တွေကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဒေါ်ခင်မေဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဦးခင်မောင်ဝင်း၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဦးစောလယ်မူဒို၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီက ဒေါ်တင်တင်နွဲ့၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက နော်မြင့်ထူး ဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဦးနှင်းဝေကတော့ ကိုယ်စားလှယ်လောင်းကနေ ပယ်ဖျက်ခံရတဲ့အတွက် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ပါဘူး။
နော်မြင့်ထူးဟာ အသက် ၂၈ နှစ်အရွယ်လူငယ်လည်းဖြစ်၊ ရှမ်းကယားတိုင်းရင်းသူဖြစ်ပြီး ပါတီက ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိင်ဖို့ သူ့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
သူသာ အနိုင်ရခဲ့ရင်တော့ ဒေသခံတွေ အဓိကရင်ဆိုင်နေရတဲ့ စားဝတ်နေရေး အခက်အခဲနဲ့ ငြိမ်းချမ်းမှုရရှိဖို့ တက်ကြွစွာ ပါဝင်လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။