ရေကြည်တွင် မဲလက်မှတ် မှားယွင်းထုတ်ပေးခဲ့သဖြင့် ကြိုတင်မဲပေးမှု ယာယီရပ်နား
DVB
·
November 1, 2020
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ချောင်းဖျား ကျေးရွာအုပ်စုအတွင်းက မဲရုံမှာ မဲလက်မှတ်တွေ မှားယွင်းစွာထုတ်ပေးခဲ့လို့ ကြိုတင်မေးပေးတာ ယာယီရပ်နားထားရတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေဆီက သိရပါတယ်။
အသက် ၆၀ အထက် သက်ကြီးရွယ်အိုတွေ ကြိုတင်မဲပေးတဲ့ ၃ ရက်မြောက်နေ့မှာ မဲစာရွက် မှားယွင်းနေတာကို စတင်သတိပြုမိခဲ့တာလို့ NLD ပါတီရဲ့ ရေကြည်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသက်ဦးက DVB ကိုပြောပါတယ်။
"ဒီနေ့မနက် ကျနော်ကို ကိုယ်စားလှယ်က ဖုန်းဆက်အကြောင်းကြားလာတယ်။ မဲစာရွက်မှာ တိုင်းဒေသကြီး အမှတ် ၁ နဲ့ အမှတ် ၂ မှားပြီး ပါနေတာ၊ မြို့နယ်ကော်မရှင်ကိုတော့ တင်ပြထား ပါတယ်" လို့ပြောပါတယ်။
မဲစာရင်းစာရွက်မှားပေးခဲ့တဲ့ ချောင်းဖျားကျေးရွာအုပ်စုမှာ တိုင်းဒေသကြီး အမှတ် ၁ မဲတန္ဒနယ်မှာပါဝင်ပြီး ထုတ်ပေးခဲ့တဲ့ မဲစာရွက်တွေမှာ တိုင်းဒေသကြီး အမှတ် ၂ မဲဆန္ဒအတွက် စာရွက်တွေဖြစ်နေပြီး ကြိုတင်မဲပေးတဲ့ လူဦးရေ ၁၇၁ ဦးမြောက်မှာ သိရှိခဲ့တာလို့ ဆိုပါတယ်။
ရေကြည်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းမြင့်ကတော့ မှားတဲ့ မဲစာရွက်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေရှေ့မှာ မှင်နီနဲ့ ခြစ်ပြီး ပြန်အစားထိုးပေးဖို့ ပြင်ဆင်နေတယ်လို့ DVB ကို ပြောပါတယ်။
"ဒီနေ့မှ သိရတာပါ၊ မဲစာရွက်တွေမှားတာတော့ ဟုတ်ပါတယ်။ မှားတဲ့စာရွက်တွေကို မဲရုံမှူးတွေ ကျေးလက်ရွေးကော်တွေ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေရှေ့မှာ ပြင်ဆင်ပေးသွားဖို့ စိစဉ်နေပါတယ်။"
မဲစာရင်းစာရွက်မှားယွင်းမှုဖြစ်ပေါ်ခဲ့တဲ့ ရေကြည်မြို့နယ်၊ ချောင်းဖျားကျေးရွာအုပ်စု မဲရုံမှာ ဆန္ဒမဲပေးခွင့်ရှိသူ ၉၈၂ ဦးရှိပြီး အသက် ၆၀ ကျော်ကြိုတင်မဲပေးနိုင်သူ ၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)