ကြံ့ခိုင်ရေးပါတီဝန်းရံသူများ လေးခွဖြင့် အပစ်ခံရသဖြင့် ၃ ဦး ဒဏ်ရာရ
DVB
·
October 30, 2020
မကွေးမြို့မှာ အောက်တိုဘာလ ၂၈ ရက်နေ့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ဝန်းရံသူတွေ အင်အားပြလှည့်လည်စဉ် လေးခွနဲ့ အပစ်ခံရတာကြောင့် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မကွေးမြို့နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
မကွေးမြို့ မြို့ဟောင်းရပ်ကွက်မှာ လေးခွနဲ့ အပစ်ခံရတာကြောင့် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့တာလို့ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်လွင်က ပြောပါတယ်။
ညနေပိုင်း ကြံ့ခိုင်ရေးပါတီ မဲဆွယ်လှည့်လည်တဲ့ကားတွေ ပြန်တဲ့အခါမှာလည်း ယင်းဆိပ်ကျေးရွာအနီး လက်ဖက်ရည်ဆိုင်နားကနေ လေးခွနဲ့ ထပ်ပစ်တယ်လို့ သတင်းရတဲ့အတွက် လိုက်လံဖမ်းဆီးရာ မြို့ဟောင်း ရပ်ကွက်က အမျိုးသားနှစ်ဦး ဖမ်းဆီးမိတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
“အဲဒီလူတွေကို ဖမ်းဆီးရမိပြီးစစ်ဆေးတဲ့အခါမှာ ဘယ်ပါတီဝင်မှ မဟုတ်ဘူးလို့ ထွက်ဆိုသလို ဖမ်းမိတဲ့အချိန်မှာလည်း ဘယ်ပါတီဝတ်စုံကိုမှ ဝတ်ဆင်ထားတာ မရှိဘူး” လို့ ရဲမှူး မြင့်လွင်က ပြောပါတယ်။
အဲဒီနေ့ မနက်ပိုင်းကလည်း ကြံ့ခိုင်ရေးပါတီနဲ့ အန်အယ်လ်ဒီ ပါတီဝန်းရံသူတွေ မကွေးမြို့ကမ်းနားလမ်းမှာ ထိပ်တိုင်တွေ့ဆုံတာကြောင့် ပြဿနာမဖြစ်ပွားအောင် အချိန်မီတားမြစ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြစ်မှုကျူးလွန်တဲ့သူတွေကိုတော့ မကွေးမြို့မရဲစခန်းမှာ ဆဲဆိုမှု ပုဒ်မ ၂၉၄၊ ထိခိုက်ဒဏ်ရာရရှိမှု ပုဒ်မ ၃၃၇ နဲ့အမှုဖွင့်ထားသလို မကွေးနယ်မြေရဲစခန်းမှာလည်း ဆဲဆိုမှု ပုဒ်မ ၂၉၄၊ လေးခွနဲပစ်မှု ပုဒ်မ ၂၇၉- (က) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ မကွေးမြို့နယ် ရဲတပ်ဖွဲ့က သိရပါတယ်။
သတင်း-မင်းထီး