Homeမြန်မာသတင်း
နိုဝင်ဘာ ၈ ရက်နေ့ လူ ၃၀ ထက်ပိုစုဝေးခွင့်ပြု၊ Stay at home မြို့နယ်ရှိ ပြည်သူများ မဲသွားပေးနိုင်
နိုဝင်ဘာ ၈ ရက်နေ့ လူ ၃၀ ထက်ပိုစုဝေးခွင့်ပြု၊ Stay at home မြို့နယ်ရှိ ပြည်သူများ မဲသွားပေးနိုင်
DVB
·
October 26, 2020
၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာ ၈ ရက်နေ့ မဲရုံတွေမှာ လူ ၃၀ ထက်ပိုပြီး စုဝေးခွင့်ပြုတဲ့ အကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။
ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်နဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနတို့ ညှိနှိုင်းပြီး မဲရုံတွေအတွက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ အခုလို လူ ၃၀ ထက်ပို စုဝေးခွင့်ပြုလိုက်တာလို့ အောက်တိုဘာ ၂၅ ရက်နေ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တဲ့လုပ်ငန်းတွေနဲ့ စပ်လျှဉ်းပြီး နိုင်ငံတဝန်းမှာ လူအယောက် ၃၀ ဖြစ်စေ၊ ၃၀ ထက်ပိုပြီး ဖြစ်စေ မစုဝေးကြဖို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ဩဂုတ် ၁၂ ရက်နေ့က ထုတ်ပြန်ထားခဲ့တာပါ။
ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာလ ၈ ရက်နေ့ မဲရုံတွေမှာ မဲဆန္ဒရှင်ပြည်သူတွေ အယောက် ၃၀ ထက်ပိုရှိနိုင်တဲ့အတွက် ခုလို ကျန်းမာရေး သတ်မှတ်ချက်စည်းကမ်းကို တစ်ရက်တာ ဖြေလျှော့ ပေးလိုက်တာလည်းဖြစ်ပါတယ်။
အလားတူ ရန်ကုန်တိုင်းအပါအဝင် Stay at home အမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ်တွေမှာလည်း ပြည်သူတွေအနေနဲ့ ကြိုတင်ဆန္ဒမဲ ပေးရမယ့်နေရာတွေကို သွားရောက်ဆန္ဒမဲပေးနိုင်သလို နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မှာလည်း မဲရုံကို သွားရောက်ဆန္ဒမဲပေးနိုင်ဖို့ ခြွင်းချက်အနေနဲ့ ခွင့်ပြုကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးက အောက်တိုဘာ ၂၅ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာထိန်းချုပ်နိုင်ဖို့ ပိုးတွေ့လူနာများပြားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်အားလုံး၊ ရန်ကုန်တိုင်းက ကိုကိုးကျွန်းမပါ မြို့နယ်အားလုံးနဲ့ မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ကချင်ပြည်နယ်အတွင်းက မြို့နယ်အချို့ကို Stay at home ကြေညာထားခဲ့တာပါ။
သတင်း- လွင်မိုးအောင်