ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာတွင် ဆိုင်ကယ်များနှင့် လူနေအိမ်အချို့ ဖျက်ဆီးခံရ
DVB
·
October 23, 2020
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာအဝင် ကျန်းမာရေးစစ်ဆေးရေး ဂိတ်အနီး ဆိုင်ကယ်တွေနဲ့ လူနေအိမ်တချို့ ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အပြစ်ရှိသူတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ကန့်ဘလူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ထက်က ဒီဗွီဘီကို ပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ဝန်းရံထောက်ခံအင်အားပြကြတဲ့ ယာဉ်တန်းဟာ ကာဘိုးကျေးရွာကို အောက်တိုဘာ ၂၂ ရက်နေ့က ရောက်လာပြီး ညနေပိုင်းမှ ပြဿနာဖြစ်တာလို့ ဒေသခံ ပရဟိတခေါင်းဆောင်တဦးက ပြောပါတယ်။
ကာဘိုးကျေးရွာ ပရဟိတခေါင်းဆောင် ကိုကျော်ဇေယျာလင်းက “သူတို့က မနက်ကတည်းက ရောက်နေတာဗျ။ ကာဘိုးထဲမှာပဲ အရှေ့ထိပ်ထွက်လိုက် အနောက်ထိပ်ထွက်လိုက်နဲ့လုပ်နေတာ။ ကျနော်က လူငယ်ခေါင်းဆောင်ဆိုတော့ ရွာက လူငယ်တွေကို သူတို့ဘာသာ သွားကြလာကြ လိမ့်မယ် ဘယ်သူမှအပြင်မထွက်ကြပါနဲ့ဆိုပြီး လူစုခွဲထားလိုက်တယ်။ ညနေပိုင်းမှာတော့ ဆယ်ကျော်သက်အရွယ်ကလေးတဦးက ဆိုင်ကယ်နဲ့ရပ်နေတာကို အင်အားပြယာဉ်တန်းမှာပါတဲ့ သူတစ်ယောက်က ခြေထောက်နဲ့ကန်တယ်။ အဲဒါကိုမြင်သွားတဲ့ ကျန်းမာရေးစစ်ဆေးတဲ့ ဂိတ်နားမှာရှိတဲ့ လူငယ်တဦးက မလုပ်ပါနဲ့ ကလေးရှိပါသေးတယ်။ အသက်လည်း မပြည့်သေးဘူးလို့ပြောတော့ အဲဒါဆိုလည်း အသက်ပြည့်တဲ့ကောင်ရိုက်ကွာဆိုပြီး ဝိုင်းရိုက်ကြတယ်။ အနီး အနားက ဆိုင်ကယ်နဲ့ နေအိမ်တွေကိုလည်း ခဲတွေနဲ့ပေါက် တုတ်တွေနဲ့ ရိုက်ဖြစ်ကုန်ကြတာ” လို့ ပြောပါတယ်။
ဖျက်ဆီးမှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရပြီး ဆိုင်ကယ် ၇ စီး ပျက်စီးသွားကာ အနီးအနား က လူနေအိမ်တွေလည်း တုတ်၊ ခဲတွေနဲ့ ပစ်ပေါက်ခံရတာကြောင့် ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
ကန့်ဘလူမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေဇင်လတ်က “ကျနော်သွားတော့ ရဲက ဆိုင်ကယ်တွေ သိမ်းနေတာတွေ့တယ်။ ၆ စီး ၇ စီးလောက်တော့ ရှိမှာပေါ့၊ ဆိုင်ကယ်တွေကတော့ ကျိုးကြေသွားတာပေါ့။ နောက် အသက် ၇၅ နှစ်အရွယ် အဘွားကြီးရဲ့ နေအိမ်မှန်ပြတင်းတွေကိုလည်း အနီးမှာရှိတဲ့ ဝါးပုံက ဝါးလုံးတွေနဲ့ ရိုက်ခွဲထားတယ်၊ ထိုးထားတယ်၊ ခဲတွေနဲ့လည်းထုထားပါတယ်။ မှန်ပြတင်းတွေဆို ဝါးလုံးစိုက်လျက်နဲ့တွေ့ရတယ်။ လောက်လေးခွနဲ့ ပစ်ခံထားရလို့ အိမ်ခန်းဆီး နံရံတွေပေါက်နေတာလည်း တွေ့ရတယ်” လို့ အတည်ပြုပြောပါတယ်။
ကာဘိုးကျေးရွာဟာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကိုယ်ထူကိုယ်ထ ကျန်းမာရေးစစ်ဆေးဂိတ် ပြုလုပ်ထားတာဖြစ်ပြီး ဧည့်သည်တွေနဲ့ ဈေးရောင်းလာသူတွေကို အပူချိန်တိုင်းတာ၊ လက်ဆေးခိုင်းတာ၊ Mask တပ်ခိုင်းတာ ပြုလုပ်ပြီးမှ ရွာထဲဝင်ခွင့်ပြုတယ်လို့ သိရပါတယ်။
ဘာကြောင့် ကာဘိုးကျေးရွာက လူနေအိမ်နဲ့ ဆိုင်ကယ်တွေကို ဖျက်ဆီးခဲ့ရတယ်ဆိုတာနဲ့ ပတ်သက်လို့ ကြံ့ခိုင်ရေးပါတီ ထောက်ခံဝန်းရံ အင်အားပြသူတွေဘက်ကိုတော့ မေးမြန်းလို့မရသေးပါဘူး။
ဒီဖြစ်စဉ်ကို ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့ စခန်းမှူးတို့က လာရောက်စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။
ခုလို ဖျက်ဆီးခံရတာနဲ့ ပတ်သက်လို့ ရွာသူရွာသားတွေက တရားလိုလုပ်ပြီး နယ်မြေ ရဲစခန်းမှာ သူတပါးအကျိုးဖျက်ဆီးမှုဥပဒေပုဒ်မ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပ ဒေပုဒ်မ၊ ထိခိုက်နာကျင်စေမှုဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်တိုင်ကြားထားတယ်လို့ ကန့်ဘလူမြို့နယ် ဥပဒေအထောက်အကူပြုအဖွဲ့က အထက်တန်းရှေ့နေ ဦးဇာနည်ကိုကိုအောင်က ပြောပါတယ်။
သတင်း - အောင်စံလင်း