UDP ပါတီ ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲပေးမိပါက ပယ်မဲအဖြစ် သတ်မှတ်မည်
DVB
·
October 21, 2020
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကြိုတင်မဲဖြစ်စေ၊ ရွေးကောက်ပွဲနေ့မှာဖြစ်စေ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP ပါတီ) လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒမဲ ပေးမိပါက ပယ်မဲအဖြစ် သတ်မှတ်မှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
UDP ပါတီကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်းကြေညာထားသလို UDPပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုလည်း အမည်စာရင်းမှ ပယ်ဖျက်ထားပြီးဖြစ်လို့ ဆန္ဒမဲပေးနိုင်မှာမဟုတ်ကြောင်း အသိပေးနှိုးဆော်ချက်တွေကို ကော်မရှင်အဖွဲ့ခွဲရုံးတွေနဲ့ မဲရုံတွေမှာ ကြေညာကပ်ထားမယ်လို့ လည်းဆိုပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ ၁၉ ရက်လောက်သာ ကျန်ရှိတော့လို့ UDP ပါတီလွှတ်တော် ကိုယ်စားလှယ်လောင်းတွေမပါဝင်တဲ့ ဆန္ဒမဲလက်မှတ်တွေကိုကို အချိန်မီ ပြန်လည်ရိုက်နှိပ် ဖြန့်ဝေနိုင်တော့မှာ မဟုတ်ကြောင်းလည်း ကော်မရှင်က ဆိုပါတယ်။
အခုဖြန့်ဝေထားတဲ့ ဆန္ဒမဲလက်မှတ်တွေမှာ ရိုက်နှိပ်ဖော်ပြထားတဲ့ UDP ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်တွေနဲ့ ပါတီတံဆိပ်တွေကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွေက မင်နီနဲ့ ကန့်လန့်ဖြတ်မျဉ်းသားပြီး ပယ်ဖျက်ဖို့ကလည်း အချိန်မရှိလို့ ဆောင်ရွက်စေတော့မှာ မဟုတ်ဘူးလို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ခေါင်းဆောင် ဦးကျော်မြင့်ကို ထောင်ပြေးမှုနဲ့ ဖမ်းဆီးတရားစွဲထားကာ သူ့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီးလည်း အစိုးရက စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်နေပါတယ်။
ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၁၃၁ ယောက်ဝင်ပြိုင်ဖို့ စာရင်းသွင်းခဲ့တာဖြစ်ပြီး အန်အယ်လ်ဒီပါတီပြီးရင် ဒုတိယမြောက် ကိုယ်စားလှယ်အရေအတွက် အများဆုံး ဝင်ပြိုင်မယ့်ပါတီဖြစ်ပါတယ်။
သတင်း - ကောင်းထက်အောင်