Homeမြန်မာသတင်း
ရွေးကောက်ပွဲ မကျင်းပမည့် နယ်မြေများကို ပြန်သုံးသပ်ပြင်ဆင်ရန် တိုင်းရင်းသား ၅ ပါတီတောင်းဆို
ရွေးကောက်ပွဲ မကျင်းပမည့် နယ်မြေများကို ပြန်သုံးသပ်ပြင်ဆင်ရန် တိုင်းရင်းသား ၅ ပါတီတောင်းဆို
DVB
·
October 19, 2020
၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ နယ်မြေတွေ ထုတ်ပြန်ကြေညာထားတာနဲ့ ပတ်သက်ပြီး ပြန်သုံးသပ်ပြင်ဆင်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်းရင်းသားပါတီ ၅ ပါတီက ပူးပေါင်း တောင်းဆိုလိုက်ပါတယ်။
ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းထဲက နယ်မြေတချို့မှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမရှိတဲ့အတွက် ရွေးကောက်ပွဲ ကျင်းပမှာမဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
တိုင်းရင်းသားတွေရဲ့ရွေးကောက်ခံခွင့်နဲ့ မဲပေးခွင့်မဆုံးရှုံးစေဖို့အတွက် အဲ့ဒီထုတ်ပြန်ချက်ကို ပြန်သုံးသပ်ပြင်ဆင်ပေးဖို့ ကချင်၊ ကယား၊ ကရင်၊ ချင်းနဲ့ မွန် နိုင်ငံရေးပါတီ ၅ ပါတီက အောက်တိုဘာ ၁၈ ရက်မှာ ပူးတွဲကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။
ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၆၀၀ လောက်က ပြည်သူတွေ မဲပေးခွင့် ဆုံးရှုံးမှာဖြစ်တယ်လို့ ဆိုပါတယ်။ အခုဆိုရင် မဲဆွယ်စည်းရုံးရေးတွေ စတင်ပြုလုပ်လာတာ သတ်မှတ်ကာလရဲ့ ထက်ဝက်လောက်ရှိနေပြီ ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပဖို့လည်း ရက် ၂၀ သာလိုတော့တဲ့ အချိန်မှာ အခုလို ထုတ်ပြန်တာဟာ တိုင်းရင်းသား မဲဆန္ဒရှင်တွေအတွက် တရားမျှတမှု မရှိဘူးလို့ ပါတီ ၅ ပါတီက ဆိုပါတယ်။
နိုင်ငံသားတိုင်းပါဝင်ခွင့်ရှိတဲ့ လွှတ်တော်နိုင်ငံရေးကို သွားနေတဲ့အချိန်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အခုလို ထုတ်ပြန်ချက်ဟာ မဲပေးခွင့်မရတော့တဲ့ နယ်မြေတွေဆီက တိုင်းရင်းသားတွေကို လွှတ်တော်နိုင်ငံရေးပြင်ပ နည်းလမ်းတွေ ရွေးချယ်လာစေဖို့ တွန်းပို့ပေးရာ ရောက်နိုင်တယ်လို့လည်း ပါတီ ၅ ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ကို ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မွန်ညီညွတ်ရေးပါတီတို့က ပူးတွဲထုတ်ပြန်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ နယ်မြေလုံခြုံရေးအခြေအနေအရ သော်လည်းကောင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲတွေကို ကျင်းပခြင်းမဘဲ ရွှေ့ဆိုင်းခွင့်ရှိတာဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကျင်းပမယ့် မဲဆန္ဒနယ်တွေရဲ့ နယ်မြေလုံခြုံရေးအခြေအနေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိတဲ့အဖွဲ့အစည်းတွေက ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြ အကြံပြု ရတာဖြစ်ပြီး ဒီအကြံပြုချက်တွေအပေါ် မူတည်ကာ ကော်မရှင်က ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နယ်မြတွေကို သတ်မှတ်ဆုံးဖြတ် အတည်ပြု ထုတ်ပြန်ကြေညာရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေတုန်းကလည်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ နယ်မြေတွေကို အလားတူ ထုတ်ပြန်ကြေညာခဲ့ဖူးပါတယ်။
သတင်း-နွေလှိုင်း(YU)