ကိုဗစ်-၁၉ ပြင်းထန်လူနာများအတွက် သွေးရည်ကြည်လှူဒါန်းရန် ကျန်းမာရေးဌာန ဖိတ်ခေါ်
DVB
·
October 17, 2020
ကိုဗစ် ကူးစက်ခံထားရပြီး ရောဂါပြင်းထန်တဲ့ လူနာတွေအတွက် ကိုဗစ် ပြန်ကောင်းလာသူတွေ သွေးရည်ကြည်လှူဒါန်းကြဖို့ ကျန်းမာရေးဌာနက ဖိတ်ခေါ်နေပါတယ်။
ပကတိပြန်ကောင်းလာသူတွေရဲ့ သွေးရည်ကြည်ဟာ ကိုဗစ်ကို ကာကွယ်ခုခံနိုင်တဲ့ ပဋိပစ္စည်း ပါဝင်နေတာကြောင့် သူတို့ရဲ့ သွေးရည်ကြည်ကို လှူဒါန်းဖို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၁၇ ရက်နေ့မှာ ဖိတ်ခေါ်လိုက်တာပါ။
ကိုဗစ်ရောဂါကူးစက်ခံရပြီးနောက် အနည်းဆုံး ၂၈ ရက်ကြာ နေကောင်းနေသူဖြစ်ဖို့ လိုပြီး အသက် ၁၈ နှစ်ကနေ ၆၀ ကြားရှိသူတွေ လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။
သွေးရည်ကြည်လှူဒါန်းမယ့်သူဟာ ယောက်ျားလေးဆိုရင် ကိုယ်အလေးချိန် အနည်းဆုံး ပေါင် ၁၂၀၊ မိန်းကလေးဆိုရင် ပေါင် ၁၁၀ ရှိရမှာပါ။ သွေးရည်ကြည်အလှူရှင်တယောက်ဆီက သွေးရည်ကြည် ၄၀၀ စီစီကနေ ၆၀၀ စီစီအထိ ထုတ်ယူနိုင်ပြီး လူနာတယောက်ကို ၂၀၀ စီစီလောက် သုံးရတာကြောင့် လူနာ ၂ ယောက်ကနေ ၃ ယောက်အထိ သုံးစွဲ အသက်ကယ်နိုင်မယ်လို့ ဆိုပါတယ်။
ပြီးတော့ သွေးနီဥတွေကို ခန္ဓာကိုယ်ထဲ ပြန်လည်ထည့်သွင်းပေးမှာ ဖြစ်တာကြောင့် သွေးအား လျော့သွားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
သွေးရည်ကြည်လှူဒါန်းတဲ့သူဟာ ရက်သတ္တ ၂ ပတ်ကနေ ၄ ပတ်အကြာ တကြိမ်စီ လှူနိုင်ပြီး ၃ ကြိမ်အထိ လှူနိုင်မှာ ဖြစ်ပါတယ်။
အခုဆိုရင် အမျိုးသားသွေးဌာနမှာ ကိုဗစ်ရောဂါပြန်ကောင်းလာသူတွေဆီက သွေးရည်ကြည် စုဆောင်းတာတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။
ရန်ကုန်မြို့ ဦးဝီစာရလမ်း ဇီဝကလမ်းခွဲ ဆေးသုတေသနဦးစီးဌာနမှာ သွေးရည်ကြည် လှူဒါန်းနိုင်ဖို့ သီးသန့်အခန်းထားရှိပြီး လှူဒါန်းလိုသူတွေအနေနဲ့ ဖုန်း- 09 5130418 နဲ့ 09 965130418 တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
သတင်း - နွေလှိုင်း(YU)