နိုင်ငံတကာထောက်ပံ့ငွေ ရယူထားခြင်းမရှိဟု နှင်းဆီပါတီ ပြော
ဇေယျာချမ်းအေး
·
October 17, 2020
နှင်းဆီပါတီဟာ နိုင်ငံတကာထောက်ပံ့ငွေ ရယူထားတာမရှိဘဲ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့အညီ ထူထောင်ထားတာလို့ ပါတီပြောရေးဆိုခွင့်ရှိက ပြောကြားလိုက်ပါတယ်။
မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ နှင်းဆီပါတီ UDP ရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့် ပိုင်ဆိုင်တဲ့ ငွေကြေးတွေဟာ တရားဝင် အထောက်အထား တစုံတရာမရှိတဲ့အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းနေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုထားပါတယ်။
ဦးကျော်မြင့်အနေနဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ရဲ့ ပါတီ လုပ်ငန်းတွေအတွက် မြန်မာကျော်ရင်းနှီးမြုပ်နှံမှုကုမ္ပဏီကနေ စုစုပေါင်းငွေကြေး ၁၃ ဒသမ ၈၉ ဘီလီယံအထိ စိုက်ထုတ်သုံစွဲထားခဲ့ပြီး နိုင်ငံရေးပါတီများထူထောင်ခြင်းဆိုင်ရာ ဥပဒေနဲ့ ငြိစွန်းနေပြီး ဒါကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားတယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။
အခုလိုပြောကြားချက်အပေါ် နှင်းဆီပါတီပြောရေးဆိုခွင့်ရှိသူ ဦးကျော်စွာထက်ဦးက အောက်တိုဘာ ၁၇ ရက်နေ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ “နိုင်ငံခြားအစိုးရတခုခု၊ ဘာသာရေးအဖွဲ့အစည်း တခုခု၊ ပုဂ္ဂိုလ်တစ်ဦးဦးဆီက ငွေကြေးကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ငွေကြေးလက်ခံရယူခြင်း သြဇာခံမှုမပြုရေးဆိုတာ ပုဒ်မ ၆မှာ ပါပါတယ်။ ကျနော်တို့ပါတီဟာ ဘယ်နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့မှ ပတ်သက်ခြင်းမရှိပါဘူး။ ကျနော်တို့ပါတီကို ထောက်ပံ့နေတဲ့ မြန်မာကျော်ကုမ္ပဏီဆိုတာဟာလည်း မြန်မာပြည်တွင်းမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ကုမ္ပဏီ ဖြစ်တဲ့အပြင်ကို ကုမ္ပဏီပိုင်ဆိုင်သူနဲ့ ဝန်ထမ်းအားလုံးဟာလည်း မြန်မာနိုင်ငံသားစစ်စစ်တွေ ဖြစ်ပါတယ်။ အဲဒီတော့ မြန်မာကျော်ကုမ္ပဏီက ပါတီကို လှူဒါန်းတဲ့ငွေတွေဟာလည်း ဗဟိုဘဏ်ကတွေ တရားဝင် ဘဏ်တည်ထောင်ခွင့်ပြုထားသော ပြည်တွင်းက ဘဏ်အသီးသီးကနေ ထုတ်ယူသောငွေတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၅(က)နဲ့ ကိုက်ညီတဲ့အတွက် ဦးဇော်ဌေး ပြောသလို UDP ပါတီဟာ ပုဒ်မ ၆(စ)နဲ့ မငြိစွန်းပါဘူး။” လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
နှင်းဆီပါတီကို ၂၀၁၀ ပြည့်နှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ပါတီလုပ်ငန်းတွေကို ပေါ်ပေါ်လွင်လွင် ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
ဦးကျော်စွာထက်ဦးက “ဥက္ကဋ္ဌကြီး ဦးကျော်မြင့်ကို အမှုစစ်ဆေးတာလည်း မလုပ်ရသေးဘူး။ တရားရုံးရဲ့ ဆုံးဖြတ်ချက်လည်း မရသေးဘူး။ ဘာမှမသိသေးခင်မှာ ဒီလိုကြိုတင်ပြောတာဟာ ကျနော်တို့အနေနဲ့ တခုခု စဉ်းစားစရာဖြစ်ပါတယ်။ ဒီလိုကြိုတင်ပြောဆိုခြင်းဟာ ပါတီရဲ့သိက္ခာ၊ ပါတီဝင်တွေရဲ့ သိက္ခာကို အများကြီးထိခိုက်စေပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ-၅ နဲ့ ငြိစွန်းတယ်လို့ ပြောကြားခြင်းဟာလည်း စိစစ်ခြင်းမရှိဘဲ ပြောတာလို့ တွေ့ရပါတယ်” လို့ ပြောပါတယ်။
နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ ထောင်ပြေးအဖြစ်နဲ့ မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတာပါ။
နှင်းဆီပါတီဟာ ဥက္ကဋ္ဌဦးကျော်မြင့်ရဲ့ တစ်ဦးတည်းပိုင် မဟုတ်တဲ့အတွက် ဥက္ကဋ္ဌ မရှိလည်း ပုံမှန်လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ခိုင်မာတဲ့နိုင်ငံရေးမူဝါဒရှိပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံတဝန်း မဲဆန္ဒနယ် ၁၁၃၀ နေရာ ဝင်ပြိုင်မှာဖြစ်ပြီး အန်အယ်လ်ဒီပါတီ ပြီးရင် ဒုတိယ နေရာအများဆုံး ဝင်ရောက်ယှဉ်ပြိုင်တဲ့ပါတီ ဖြစ်ပါတယ်။