မွန်ပြည်သူ့စစ်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပြီး ၁ ဦးသေ
DVB
·
October 16, 2020
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ မွန်ငြိမ်းချမ်းကာကွယ်ရေး ပြည်သူ့စစ်အဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ လက်နက်ကိုင်တပ်ဖွဲ့တို့ အောက်တိုဘာ ၁၅ ရက်ညက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မွန်ပြည်သစ်ဘက်က ၁ ဦး သေဆုံးသွားတယ်လို့ နယ်မြေရဲစခန်းကနေ သိရပါတယ်။
ရေး-မော်လမြိုင် သွားကားလမ်း အာယုတောင်ကျေးရွာရှိ ခမ်းသင်းတံတားအနီး မွန်ငြိမ်းချမ်းရေးကာကွယ်ရေး မွန်ပြည်သူ့စစ်ဌာန အမှတ်(၃) တပ်ရင်းက တပ်ဖွဲ့ဝင်တွေနဲ့ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်တွေ မနေ့ည ၇ နာရီလောက်က ၅ မိနစ်အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာပါ။
နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြရာမှာ မွန်ငြိမ်းရေး ကာကွယ်ရေး ပြည်သူ့စစ်တပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရသူမရှိပေမယ့် မွန်ပြည်သစ်ပါတီဘက်က တပ်ဖွဲ့ဝင် တစ်ဦး သေနတ် ဒဏ်ရာ ၂ ချက်နဲ့ သေဆုံးသွားတယ်လို့ ရေးမြို့မရဲစခန်းက အတည်ပြုပြောပါတယ်။ သေဆုံးသူရဲ့ အလောင်းနဲ့အတူ ပစ္စတို လက်နက်ငယ် ၁ လက်ကိုလည်း ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အခင်းဖြစ်ပွားပြီးနောက် နယ်မြေခံတပ်ရင်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းပြီးနောက် မွန်ငြိမ်းချမ်းကာကွယ်ရေး ပြည်သူ့စစ်အဖွဲ့ကို စစ်ဆေးမှုပြုလုပ်ခဲ့ပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ ရေးမြို့ပြည်သူ့ဆေးရုံကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်က ပြောပါတယ်။
သေဆုံးသူဟာ မွန်ပြည်ပါတီဗဟိုရုံးအဖွဲ့က ခရိုင်ကော်မတီဝင် ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ရတဲ့ အကြောင်းရင်းကို ထုတ်ဖေါ်ပြောဆိုခြင်းမရှိပေမဲ့ မွန်ပြည်သစ်ပါတီဘက်က အရင်မပစ်ခဲ့ဘူးလို့ မွန်ပြည်သစ်ပါတီ ရေးမြို့ နယ်ဆက်ဆံရေးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အခုလို တပ်ဖွဲ့ဝင်တဦး သေဆုံးသွားတဲ့ အပေါ်မှာ မွန်ပြည်သစ်ပါတီဘက်က ရေးမြို့မရဲစခန်းမှာ တရားလိုပြုလုပ် အမှုဖွင့်ထားတယ်လို့လည်း ပြောပါတယ်။
လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို သက်ဆိုင်ရာ အဖွဲ့စည်းတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်အတွင်း မွန်ပြည်သစ်ပါတီတပ်ဖွဲ့နဲ့ မွန်ငြိမ်းချမ်းရေးကာကွယ်တပ်ဖွဲ့ဝင်တွေ အကြားပစ်ခတ်မှုဟာ ပထမအဆုံးအကြိမ် ဖြစ်ပါတယ်။
သတင်း- နေမျိုးထွဋ် (ရေး)