ကိုဗစ်-၁၉ လူနာများအတွက် အောက်ဆီဂျင်ပိုက်လိုင်းများ ထပ်မံတိုးချဲ့တပ်ဆင်ပေးနေ
DVB
·
October 14, 2020
အောက်ဆီဂျင်လိုအပ်နေတဲ့ ကိုဗစ်-၁၉ လူနာတွေအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အပါအဝင် ကျန်ဆေးရုံကြီး ၃ ခုမှာ အောက်ဆီဂျင်ပိုက်လိုင်းတွေ တပ်ဆင်သွားဖို့ လုပ်ဆောင်နေတယ်လို့ ဗဟိုကူးစက်တိုက်ဖျက်ရေးဋ္ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။
ဆေးရုံတိုင်းမှာ တက်ရောက်ကုသနေတဲ့ ကိုဗစ်စောင့်ကြည့်လူနာတွေထဲ အသက်ရှုခက်ခဲပြီး ရုတ်တရက် ပြင်းထန်လူနာတွေ ရှိလာတဲ့အတွက် ဆေးရုံကြီးတွေမှာ လိုအပ်နေတဲ့ အောက်ဆီဂျင်ပိုက်လိုင်း တပ်ဆင်သွားဖို့ လုပ်ဆောင်နေပါတယ်။
အရင်က ကိုဗစ်ကုသရေးဆေးရုံတွေဖြစ်တဲ့ ဝေဘာဂီအထူးကုဆေးရုံ ၊ ဖောင်ကြီးကုသရေး စင်တာ၊ တောင်ဥက္ကလာပဆေးရုံတွေမှပဲ အောက်ဆီဂျင်ပိုက်လိုင်းတွေ ပြင်ဆင်ထားတာပါ။
အခုတော့ ကိုဗစ်လူနာများပြားလာတဲ့အတွက် ကိုဗစ်ကုသရေး ဆေးရုံကြီး ၄ ခုမှာ အောက်ဆီဂျင် လိုအပ်တဲ့ ပမာဏာအတိုင်း ရရှိစေဖို့ အောက်ဆီဂျင်ပိုက်လိုင်းတွေ ထပ်မံ တိုးချဲ့ပြင်ဆင်နေတာပါ။
လက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အောက်ဆီဂျင်ပိုက်လိုင်းတွေ တိုးချဲ့တပ်ဆင်အသုံးပြု နေသလို သင်္ယန်းကျွန်းဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံနဲ့ အင်းစိန်ဆေးရုံတွေမှာ အောက်ဆီဂျင်ပိုက်လိုင်းတွေ ထပ်မံတပ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ ပြည်သူ့ကျန်မားရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
ဒါ့ပြင် အခုအသစ်ထပ်မံတည်ဆောက်နေတဲ့ ဧရာဝတီကိုဗစ်စင်တာ၊ Fortune Plaza ကိုဗစ်စင်တာတွေရဲ့ ICU၊ HCU တွေမှာလည်း အောက်ဆီဂျင်ပိုက်လိုင်းတွေနဲ့ အောက်ဆီဂျင် ဆလင်ဒါတွေ ဖြည့်ဆည်းဆောင်ရွက်သွားဖို့ ရှိပါတယ်။
ဆေးရုံတွေမှာ အောက်ဆီဂျင် လုံလောက်အောင် ရရှိရေးအတွက် ပြီးခဲ့တဲ့ ရက်အတွင်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူအပါအဝင် အောက်ဆီဂျင် ထုတ်လုပ်တဲ့ စက်ရုံတွေနဲ့ စာချုပ်ချုပ်ဆိုမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေါက်တာခင်ခင်ကြီး က ဆိုပါတယ်။
လက်ရှိ ဆေးရုံတွေမှာ သေဆုံးလူနာနဲ့ ပြင်းထန်လက္ခဏာရှိတဲ့လူနာအများစုက ရောဂါအခံ ရှိသူ၊ အသက်အရွယ်ကြီးရင့်သူတွေ ပါဝင်နေပြီး ကိုဗစ်လက္ခဏာပြသခြင်း မရှိတဲ့လူနာတွေမှတော့ အသက်အန္တရာယ်မရှိသလို ကုသမှုအပိုင်းမှာလည်း အရေးပေါ်အခြေအနေ မရှိတာတွေလည်း ရှိနေပါတယ်။
သတင်း - နန့်ခိုင်