ဘိုကလေး ကွာရန်တင်းစင်တာ၌ အရက်ခိုးသောက်ပြီး Live လွှင့်ခဲ့သူ ၂ ဦးကို အမှုဖွင့်
DVB
·
October 13, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းမှာ ကွာရန်တင်းဝင်နေတဲ့ အမျိုးသား ၂ ဦးကို သက်ဆိုင်ရာက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အမှုဖွင့်လိုက်ပါတယ်။
ဒေသခံ အောင်ဇော်မိုးနဲ့ ဇော်ရှိန်းတို့ နှစ်ဦးဟာ ကွာရန်တင်းဝင်နေစဉ်အတွင်း အရက်ခိုးသောက်တာ၊ ကန့်သတ်နယ်မြေမှ ရပ်ကွက်အတွင်း ခိုးထွက်တာ၊ အခန်းတွင်း နေထိုင်သူတွေကို ရန်စ ပြဿနာရှာတာနဲ့ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအပေါ်အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းက မဟုတ်မမှန် ပြောဆိုပြီး လူမှုကွန်ရက်ကနေ Live လွှင့်ခဲ့တဲ့အတွက် ကော်မတီကနေ သူတို့ ၂ ဦးကို အမှုဖွင့်ခဲ့တာပါ။
ကွာရန်တင်းစင်တာမှာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ခဲ့တဲ့အတွက် အမှုဖွင့်ခံထားရတဲ့ အောင်ဇော်မိုးနဲ့ ဇော်ရှိန်းတို့ဟာ ရန်ကုန်ကနေ ပြန်လာသူတွေဖြစ်တာကြောင့် အောက်တိုဘာ ၁ ရက်နေ့က စတင် ကွာရန်တင်းဝင်နေရသူဖြစ်ပါတယ်။
အသွားအလာကန့်သတ်ခြင်းရက်ပြည့်ပါက ဘိုကလေးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒနဲ့ အရေးယူပေးဖို့ ဘိုကလေးမြို့မရဲစခန်းထံ တိုင်ကြား အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
သတင်း - ထူးထူး