မိတ္ထီလာ ခရိုင်စိုက်ပျိုးရေးရုံးရေစင်အနီး စစ်ကျန်ဗုံးသီးဟောင်း ၇ လုံးတွေ့
DVB
·
October 9, 2020
မန္တလေးတိုင်း၊ မိတ္ထီလာမြို့ ခရိုင်စိုက်ပျိုးရေးရုံး ရေစင်အနီး ဝက်လံတောအပင်များကြားမှာ အောက်တိုဘာ ၈ ရက်က စစ်ကျန်ဗုံးသီးဟောင်း ၇ လုံး တွေ့ရှိတယ်လို့ မိတ္ထီလာမြို့မရဲစခန်း ရဲအုပ်ဇော်လတ်မျိုးက ပြောပါတယ်။
"ပေါက်ချောင်းကန်ပတ်လမ်းဘက် ရေစင် ၂ ခုကြားမှာ တွေ့တာ။ ဝက်စာအတွက် ဝက်လံပင်ခုတ်တဲ့သူက တွေ့တာပါ။ ဗုံးသီး ၇ လုံးတွေ့တယ်။ ဂျပန်ခေတ်က ကျန်ခဲ့တယ်လို့ ပြောကြတယ်။ စစ်မြေပြင်အင်ဂျင်နီယာတပ်ကို လွှဲပြောင်းပေးလိုက်ပြီ" လို့ ပြောပါတယ်။
အလျား ၁၇ လက်မ၊ လုံးပတ် ၁၁ လက်မ ရှိတဲ့ ဗုံးသီး ၄ လုံးနဲ့ အလျား ၁၅ လက်မ၊ လုံးပတ် ၁၀ လက်မရှိတဲ့ ဒလက်ပါ ဗုံးသီး ၃ လုံး တွေ့ရှိခဲ့တာပါ။
ဗုံးသီး ၇ လုံးကို အမှတ် (၉၁၁) ခွဲ (၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ကို စနစ်တကျ လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။
သတင်း/ဓာတ်ပုံ-မောင်မောင်လင်း