ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဦးတွေ့ရှိ
DVB
·
October 7, 2020
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဦးတွေ့ရှိခဲ့တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။
အောက်တိုဘာ ၆ ရက်နေ့ညက ပြွန်တန်ဆာမြို့ အ.ထ.က ၁ ကွာရန်တင်းစင်တာက ၂ ဦး၊ ပိန်ဇလုပ်မြို့ ရေတွင်းကုန်းကျေးရွာ ကွာရန်တင်းစင်တာက ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေး တွေ့ရှိခဲ့သလို အောက်တိုဘာ ၇ ရက်မနက်ကတည်း ညောင်လေးပင်မြို့သဒ္ဓမ္မရံသီ ကွာရန်တင်းစင်တာက ၁ ဦး၊ မအူတန်းကျေးရွာ ကွာရန်တင်းစင်တာက ၁ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဆိုပါ အတည်ပြုလူနာသစ် ၅ ဦးစလုံးဟာ ကွာရန်တင်းဝင်ရောက်နေသူတွေဖြစ်ကြပြီး ရန်ကုန်က ပြန်လာသူတွေဖြစ်တယ်လို့ မြို့နယ် ဆေးရုံအုပ်ကြီးဒေါက်တာသောင်းဒန်ဦးက ဒီဗွီဘီ ကို ပြောပါတယ်။
လူနာ ၅ ဦးစလုံးဟာ ရောဂါလက္ခဏာ ပြသချင်းမရှိဘဲ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ရောဂါအခြေနေက စိုးရိမ်စရာမရှိတာကြောင့် ညောင်လေးပင်ပြည်သူ့ဆေးရုံမှာ ပဲကုသသွားမှာဖြစ်ပြီး ရောဂါအခြေအနေ ဆိုးလာမှသာ ပဲခူးကလိဆေးရုံကို ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။
လူနာတွေဟာ ချောင်းဆိုးဖျားနာတာ၊ အနံ့မရတာတွေမရှိကြဘူး။ အခုထိတော့ စိုးရိမ်စရာ မရှိသေးဘဲ လက်ရှိမှာ ညောင်လေးပင်ဆေးရုံမှာပဲထားပြီး ကုသပေးမှာဖြစ်ပြီး နောက်ပိုင်း နေရာ အခက်အခဲဖြစ်လာရင် တိုင်းဆေးရုံကို ပြောင်းရွေ့ကုသသွားမှာ ဖြစ်ပါတယ်။
ကိုဗစ်ဒုတိယလှိုင်းအတွင်း ညောင်လေးပင်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦး ရှိပြီး လူနာအားလုံးဟာ ညောင်လေးပင် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေကြကာ ကျန်းမာရေး အခြေအနေ ကောင်းတယ်လို့ သိရပါတယ်။
သတင်း - နေလင်းထိုက်