Homeမြန်မာသတင်း
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီး ၁ ဦး ရင်သွေးငယ်ကို ရင်ခွင်ပိုက်ပြီး သေဆုံး
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီး ၁ ဦး ရင်သွေးငယ်ကို ရင်ခွင်ပိုက်ပြီး သေဆုံး
DVB
·
September 30, 2020
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအမျိုးသမီးငယ် တစ်ဦးဟာ ၄ လသား အရွယ် ရင်သွေးငယ်ကို ရင်ခွင်ပိုက် အိပ်နေရင်းက စက်တင်ဘာ ၂၉ ရက်က သေဆုံးသွားတယ်လို့ ထိုင်းနိုင်ငံထုတ် သည်နေရှင်း သတင်းမှာ ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ၊ လမ်းပွန်းခရိုင်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ရဲတွေ ရောက်ရှိလာချိန်မှာတော့ မိခင်ဖြစ်သူမိန်းကလေးဟာ ရင်ခွင်ထဲမှာ ကလေးဖြစ်သူကို ပိုက် လျက်သား အခြေအနေနဲ့ နာရီပေါင်းများစွာကတည်းက သေဆုံးနှင့်ပြီးဖြစ်နေတာကို စစ်ဆေး တွေ့ရှိခဲ့ရတာပါ။
သေဆုံးသူမိန်းကလေးဟာ အသက် ၂၅ နှစ်အရွယ်သာရှိသေးပြီး သူ့ရဲ့ နာမည်ကိုတော့ နန်းနွန်းလို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
အဆိုပါမိန်းကလေးရဲ့ ခင်ပွန်းဖြစ်သူကတော့ ဇနီးဖြစ်သူဟာ ညအိပ်ယာဝင်ချိန်မှာ ကျန်းကျန်းမာမာနဲ့ ရှိနေခဲ့တယ်လို့ ပြောပါတယ်။
ညဘက် ၃ နာရီလောက်မှာတော့ ကလေးငယ်ရဲ့ ရုန်းကန်အသက်ရှုသံနဲ့ ဇနီးဖြစ် သူဆီက ခက်ခက်ခဲခဲအသက်ရှုသံကို ကြားလိုက်ရသလိုရှိပေမယ့် ဘာမှအမှားအယွင်းရှိ တယ်လို့ မထင်ခဲ့ ဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ မနက် ၅ နာရီလောက် အိပ်ရာက နိုးချိန်မှာတော့ ဇနီးဖြစ်သူဟာ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာလို့ ပြောပါတယ်။ ကလေးငယ်ကတော့ မိခင်သေဆုံးတာကိုမသိဘဲ နို့စို့နေခဲ့တာပါ ။
လတ်တလောမှာတော့ သေဆုံးသူ မြန်မာအမျိုးသမီးရဲ့ အလောင်းကို လိုအပ်တဲ့ ခွဲစိတ်စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ပို့ဆောင်ထားတယ်လို့ ထိုင်း သတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ- Nation Thailand