Home
မြန်မာသတင်း
စစ်ရေးလှုပ်ရှားမှုများ အောက်တိုဘာ ၃၁ ရက်အထိ ရပ်ဆိုင်းကြောင်း တပ်မတော်ကြေညာ
DVB
·
September 29, 2020
57674174_329799047678646_618197363290275840_n
မြန်မာနိုင်ငံတဝန်း အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့နေရာတွေက လွဲလို့ ကျန်နယ်မြေတွေမှာ   စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို အောက်တိုဘာ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ ညနေ  ကြေညာပါတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ဖို့နဲ့  ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးတွက် ခုလို အပစ်ရပ်ကြေညာတာလို့ ဆိုပါတယ်။ AA ၊ TNLA နဲ့  MNDAA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း တဖက်သတ်အပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။ ခုလိုတပ်မတော်ဘက်ကရော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ဘက်ကပါ အပစ်အခတ်ရပ်စဲကြောင်း အသီးသီးကြေညာနေပေမဲ့ လက်တွေ့ မြေပြင်မှာတော့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်မှာ တိုက်ပွဲတွေကတော့ မရပ်မနား ဆက်လက်ဖြစ်ပွားနေပါတယ်။  စက်တင်ဘာ ၂၃ ရက် နေ့လည်ပိုင်းက ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီး   ကျေးရွာ ၅ ရွာက ဒေသခံ ၁၀၀၀ ကျော်လောက် စစ်တွေမြို့ပေါ်ကို စက်လှေတွေနဲ့ ထွက်ပြေးလာကြတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂ ရက်မှ ၈ ရက်အထိ ကာလအတွင်း ရခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်မြို့နယ်နဲ့  ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တို့မှာ တိုက်ပွဲ ၇ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ ISP မြန်မာအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလ ကမ္ဘာတဝန်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရပ်စ်ကလည်း တိုက်တွန်းတောင်းဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024