Homeမြန်မာသတင်း
ခွေးကို ကြံ့ခိုင်ရေးပါတီအင်္ကျီဝတ်ပေးပြီး ဓာတ်ပုံရိုက် ဖေ့ဘွတ်ခ်ပေါ်တင်သူ အမှုဖွင့်ခံရ
ခွေးကို ကြံ့ခိုင်ရေးပါတီအင်္ကျီဝတ်ပေးပြီး ဓာတ်ပုံရိုက် ဖေ့ဘွတ်ခ်ပေါ်တင်သူ အမှုဖွင့်ခံရ
DVB
·
September 28, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ကျီးကန်ကျေးရွာက ကျေးရွာသားတစ်ဦးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအင်္ကျီကို ခွေးတစ်ကောင်မှာဝတ်ပေးပြီးဓာတ်ပုံရိုက် လူမှုကွန်ရက်ပေါ် တင်လိုက်တဲ့အတွက် စက်တင်ဘာ ၂၇ ရက်နေ့က နယ်မြေခံရဲစခန်းမှာ တိုင်ကြား အမှုဖွင့်ခံထားရပါတယ်။
စက်တင်ဘာ ၂၆ ရက် နေ့လည်ပိုင်းက Htet Aung ဖေ့စ်ဘွတ်ခ်အကောင့် ကနေပြီး မြန်မာနိုင်ငံအလံနဲ့မြေပုံပါ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အင်္ကျီကို ခွေးမှာ ဝတ်ပေးပြီး “ဒီနေ့ပေးတာ ချက်ချင်းဝတ်ပေးလိုက်ပြီ၊ ကျေးဇူးပါ။ သားကြီး ခြင်ကိုက်ခံသက်သာတဲ့အတွက်”လို့ ရေးသားပြီး ဖေ့စ်ဘွတ်ခ် ပေါ်တင်ထားတာဖြစ်တယ်ပါတယ်။။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီကို ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်တယ်ဆိုပြီး Htet Aung အကောင့်ပိုင်ရှင်အား အရေးယူ ဆောင်ရွက်ပေးဖို့ USDP-ရပ်/ကျေးပါတီဥက္ကဋ္ဌ ဦးကျော်သီဟ က တရားလိုလုပ်ကာ နယ်မြေခံ ရဲစခန်းမှာ တိုင်ကြားခဲ့တာဖြစ်ပါတယ်။
ရွှေပန်းကုန်းနယ်မြေရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၆-ဃ)နဲ့ အရေးယူပေးဖို့ အမှုဖွင့်တိုင်ကြားထားတာဖြစ်ပြီး နယ်မြေခံရဲစခန်းက (ပ)၁၄၇/၂၀ နဲ့ လက်ခံပြီး အမှုစစ် ဒုရဲအုပ် အောင်ကိုကိုက စစ်ဆေးဆောင်ရွက်နေပါတယ်။
သတင်း - အောင်စံလင်း