ပြည်-ကြည့်မြင့်တိုင် ပြေးဆွဲနေသည့် ရထားခရီးစဉ် ရပ်နား
မင်းညို
·
September 25, 2020
ပဲခူးတိုင်း၊ ပြည်မြို့နဲ့ ရန်ကုန်တိုင်း၊ ကြည့်မြင့်တိုင်ကို ပြေးဆွဲနေတဲ့ ရထားခရီးစဉ်ကို ဒီနေ့စက်တင်ဘာလ ၂၅ ရက်နေ့ကစပြီး ရပ်နားလိုက်ပြီ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးကာလ ပထမလှိုင်းတုန်းတတည်းက မရပ်နားပဲ ပြေးဆွဲခဲ့တဲ့ ၆၃ အဆန်၊ ၆၄ အဆုန် ပြည်- ကြည့်မြင့်တိုင်ရထားခရီးစဉ်ကို ရောဂါကူးစက်ပြန့်ပွားမှု ပြတ်တောက်စေဖို့ရည်ရွယ်ပြီး ဒီနေ့စတင် ရပ်နားလိုက်တာလို့ ပြည်ဘူတာကြီးကနေသိရပါတယ်။
ပြည်ဘူတာကြီး အထူးတန်းရုံပိုင်ဦးသိန်းလှက “အခုထိတော့ စာနဲ့ ညွှန်ကြားတာတော့မရှိသေးဘူး။ ဖုံးနဲ့တော့ ရုံးချုပ်ကလှမ်းပြောတာ အခုမနက်အထိတော့ ပြည်က မနက် ၆ နာရီထွက်တဲ့ ရထားကိုတော့ ထွက်ခိုင်းလိုက်သေးတယ်။ ရန်ကုန်မှာ တွဲသိမ်းဖို့အနေနဲ့၊ ရန်ကုန်-ကြည့်မြင်တိုင်ဘူတာ ကနေတော့ မထွက်တော့ဘူး။ ရက်တော့အကန့်အသတ်မ မသိရသေးဘူး၊ ရန်ကုန်နဲ့ပတ်သက်တဲ့ လိုင်းတွေအားလုံး ပိတ်လိုက်တာလို့တော့သိရပါတယ်” လို့ ပြောပါတယ်။
ရပ်နားလိုက်တဲ့ အဆိုပါရထားခရီးစဉ်ဟာ ကုန်တင်တဲ့ရထားဆိုပေမဲ့ ခရီးသည်တွေပါ လိုက်ပါစီးလို့ရတဲ့ ရထားခရီးစဉ်ဖြစ်ပါတယ်။
ရန်ကုန်(ကြည့်မြင့်တိုင်)ကနေ မနက် ၇ နာရီထွက်ပြီး ပြည်မြို့ကို ည ၈ နာရီ ရောက်ရှိကာ ပြည်မြို့ကနေ မနက် ၆ နာရီပြန်ထွက်ပြီး ရန်ကုန်(ကြည့်မြင့်တိုင်)ကို ည ၇ နာရီမှာ ဆိုက်ရောက်ပါတယ်။
သတင်း- မင်းညို