Homeမြန်မာသတင်း
ခေတ်သစ်ဖောင်ဒေးရှင်းက ရိုးမရိပ်သာကိုဗစ်ဆေးရုံကို ရေပူရေအေးစက်အလုံး ၂၀ နှင့် ပစ္စည်းများ လှူဒါန်း
ခေတ်သစ်ဖောင်ဒေးရှင်းက ရိုးမရိပ်သာကိုဗစ်ဆေးရုံကို ရေပူရေအေးစက်အလုံး ၂၀ နှင့် ပစ္စည်းများ လှူဒါန်း
DVB
·
September 24, 2020
သရုပ်ဆောင်မင်းသမီး ချစ်သုဝေတို့ ဇနီးမောင်နှံ တည်ထောင်ထားတဲ့ ခေတ်သစ် ဖောင်ဒေးရှင်းက ရန်ကုန်မြို့၊ ရိုးမရိပ်သာ ကိုဗစ်-၁၉ ဆေးရုံကို ရေပူရေအေးစက်အလုံး ၂၀ နဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေကို လှူဒါန်းခဲ့ပါတယ်။
ဒါဟာ ဖောင်ဒေးရှင်းအနေနဲ့ တကျော့ပြန် ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာ ကျန်းမာရေး ဆိုင်ရာဝန်ထမ်းတွေရဲ့ ဝန်ကို တဖက်တလမ်းကနေ ကူညီထောက်ပံ့ပေးနိုင်မှု တစိတ်တပိုင်းအနေနဲ့ လှူဒါန်းနေတာ ဖြစ်ပါတယ်။
ဒီလှူဒါန်းမှုမှာတော့ ရေပူရေအေးစက်အလုံး ၂၀ အပြင် တခြားလိုအပ်တဲ့ အဝတ် လျှော်စက်ခုံ ၃၀၊ မီးပူ ၄ လုံး၊ Extension Board ၄၀ ခု၊ မီးပူ Stand ၄ ခုံလည်း ပါဝင်ပါတယ်။
ခေတ်သစ်ဖောင်ဒေးရှင်းကိုတော့ ချစ်သုဝေနဲ့ လင်းလင်းတို့ရဲ့ အမြွှာရင်သွေး ၂ ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ရဲ့ နှစ်နှစ်ပြည့် မွေးနေ့အမှတ်တရအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး မိသားစုမတည် အလှူငွေကျပ်သိန်း ၂၀၀ နဲ့ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။
ဖောင်ဒေးရှင်းက အလှူငွေတွေနဲ့ အသက် ၅ နှစ်အောက် အမှန်တကယ် ခွဲစိတ်စရိတ် လိုအပ်နေတဲ့ မွေးရာပါနှလုံးအပေါက်ပါ ရောဂါရှင်ကလေးငယ်တွေအတွက် ရည်ရွယ်လှူဒါန်းမှုတွေ ပြုလုပ်နေတာဖြစ်ကာ နောက်ပိုင်းမှာတော့ တခြားလိုအပ်တဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာ ထောက်ပံ့လှူဒါန်းမှုတွေကိုလည်း လုပ်ဆောင်လာခဲ့တာပါ။
လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ရောဂါအတွက် တဖက်တလမ်းကနေ ထောက်ပံ့လှူဒါန်းမှုတွေကို အခါအားလျော်စွာ ပြုလုပ်လာနေခဲ့ပြီး သိပ်မကြာခင်ကလည်း ရန်ကုန်ဆေးရုံကြီး ကိုဗစ်-၁၉ စောင့်ကြည့်လူနာတွေ ထားရှိဖို့ Tent တလုံးစာ သိန်း ၂၀၀ ကို စက်တင်ဘာ ၁၅ ရက်နေ့မှာ ကနဦး အလှူအနေနဲ့ လှူဒါန်းခဲ့ပါသေးတယ်။