Homeရုပ်သံ
Bob Marley သီချင်းနှင့် တကျော့ပြန်အစွမ်းပြခဲ့သည့် The Voice Myanmar ပြိုင်ပွဲဝင်ဟောင်း “ဘဝ”(ရုပ်သံ)
Bob Marley သီချင်းနှင့် တကျော့ပြန်အစွမ်းပြခဲ့သည့် The Voice Myanmar ပြိုင်ပွဲဝင်ဟောင်း “ဘဝ”(ရုပ်သံ)
DVB
·
September 21, 2020
မနေ့ညက ၅ ပတ်မြောက် သီတင်းပတ်အနေနဲ့ ကျင်းပတဲ့ The Voice Myanmar Season 3 မှာတော့ ဒီပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်ဟောင်းတယောက်ဖြစ်တဲ့ ဘဝက ပြန်လည်ဝင် ရောက်ယှဉ်ပြိုင်သွားခဲ့ပြီး Blind Audition အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဩဂုတ် ၂၃ ရက်နေ့က ပြန်လည်စတင်ခဲ့တဲ့ The Voice Myanmar Season 3 မှာ ဝင်ရောက်ယှဉ်ပြိုင်လိုသူတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ ကတည်းက Online Audition လျှောက်လွှာတွေ ခေါ်ယူခဲ့တာပါ။
The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။
အခုနှစ်ရဲ့ Season 3 မှာလည်း မနှစ်က Coach တွေဖြစ်ကြတဲ့ R. ဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့ကပဲ ပြန်လည်ပြီးတော့ ပါဝင်ခဲ့ကြကာ Blind Audition အဆင့်ပြိုင်ပွဲကနေ Team တခုစီအတွက် ပြိုင်ပွဲဝင် ၁၂ ယောက်စီ ရွေးချယ်သွားကြမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင် ဘဝကတော့ ပြီးခဲ့တဲ့ The Voice Myanmar Season ၁ တုန်းက ပြိုင်ပွဲ ဝင်ဟောင်းတဦးဖြစ်ခဲ့ပြီး Team ကျားပေါက်ရဲ့ အဖွဲ့ထဲမှာ ပါဝင်ခဲ့ကာ Battle Round အဆင့်က လက်ပြနှုတ်ဆက်ခဲ့ရသူ ဖြစ်ပါတယ်။
ခုတခါမှာတော့ ဘဝက Season 1 တုန်းကနဲ့မတူ တမူကွဲပြားတဲ့ သီချင်းရွေးချယ်မှုတခုနဲ့ ပြန်လည်ဝင်ရောက်လာခဲ့တာပါ။ သူဟာ အဆိုတော် Bob Marley ရဲ့ နာမည်ကျော် No Woman, No Cry သီချင်းနဲ့ အစွမ်းပြသွားခဲ့ကာ ဒိုင်တွေအားလုံးကို ဖမ်းစား နိုင်ခဲ့ပါတယ်။
သူ့ရဲ့ သီဆိုယှဉ်ပြိုင်မှုမှာတော့ Coach ၄ ယောက်စလုံးက နောက်လှည့်ကြည့် ခဲ့ကြတာဖြစ်ပြီး ပြိုင်ပွဲစည်းမျဉ်းအရ လှည့်ကြည့်တဲ့ Coach တွေထဲက တယောက်ကို ရွေး ချယ်ရချိန်မှာတော့ ဘဝက ကျားပေါက်ကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။
ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ မနှစ်ကတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေ ရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။
မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြ ယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိသွားခဲ့တာပါ။
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုး သား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာပါ။
ခုတပတ်ရဲ့ Blind Audition အဆင့်မှာတော့ ပြိုင်ပွဲဝင်တွေထဲက မေမြတ်နိုးခိုင်၊ Zorina ၊ ဇော်ခွန်၊ နွေဦး၊ ဘဝ၊ နော်ဇာလီ၊ IV ထူး၊ စောကျော်သူရမင်းတို့ ၈ ယောက်က သက်ဆိုင်ရာ Team တွေအလိုက် နောက်တဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောမှာတော့ Blind Audition အဆင့်ရဲ့ ပထမသီတင်းပတ်မှာ ပြိုင်ပွဲဝင် ၈ ယောက်၊ ဒုတိယသီတင်းပတ်မှာ ၉ ယောက်၊ တတိယသီတင်းပတ်မှာ ၇ ယောက်၊ စတုတ္ထသီတင်းပတ်မှာ ၈ ယောက်တို့က ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်တာမို့ စုစုပေါင်းအယောက် ၄၀ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အခုနှစ် Season 3 မှာရော နိုင်ငံအနှံ့အပြားက ဘယ်လိုရွက်ပုန်းသီး အနုပညာရှင်တွေ ထွက်ပေါ်လာဦးမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။