Home
အနုပညာ
စိုးပြည့်သဇင် သီဆိုမှုနှင့်နားဆင်ကြရမည့် “လွမ်းငွေ့တဝေဝေ” ရုပ်ရှင်ဇာတ်ဝင်တေး(ရုပ်သံ)
DVB
·
September 19, 2020
SoePyaeThaZin
“အို… ညိုပြာရီရွှေ… တိမ်ခြေမြူမှင်ဆိုင်း… မှိုင်းတလဲ့လဲ့… သိုင်းဖွဲ့ကာနေ… မှုန်မပြေလွမ်းစေမယ့်အား… သူမသနားလေလျော့သလား… ထင်မှားကာနေ… ထင်မှားကာ နေ… လွမ်းမိုးစွေစွေ… လွမ်းမိုးစွေစွေ… လွမ်းငွေ့တဝေဝေ” ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက တချိန်က နာမည်ကြီးရုပ်ရှင်ကားတကား ဖြစ်တဲ့ “လွမ်းငွေ့တဝေဝေ”ရုပ်ရှင်ဇာတ်ဝင်တေးထဲက တေးသွားစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။ ဒီသီချင်းကိုတော့ ဝါရင့်အမျိုးသမီးအဆိုတော်ကြီး မာမာအေး၊ ခင်ခင်တို့က သီဆိုခဲ့ ကြဖူးပြီး နောက်ပိုင်းမှာလည်း အဆိုတော်ပေါင်းများစွာက ပြန်လည်သီဆိုမှုနဲ့ လတ်ဆတ်နေဆဲ သီချင်းတပုဒ် ဖြစ်ပါတယ်။ “လွမ်းငွေ့တဝေဝေ”ရုပ်ရှင်ကားကတော့ ၁၉၈၀ ပြည့်နှစ်က တင်ညွန့်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ခဲ့ပြီး ဒါရိုက်တာအောင်မြင့်မြတ်က ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သိပ်မကြာခင်ကမှ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ရုပ်ရှင်စတားမင်းသားကြီး ကျော်ဟိန်း၊ ခင်သန်းနုနဲ့ ဆွေဇင်ထိုက်တို့က ပါဝင်သရုပ်ဆောင်ထားခဲ့ကြပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ ခုတခါမှာတော့ ဒီရုပ်ရှင်ကားထဲက ကျော်ကြားဇာတ်ဝင်တေးတပုဒ်ကို မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ဂုဏ်ပြုဂီတဖျော်ဖြေပွဲမှာ မျိုးဆက်သစ် သရုပ်ဆောင်အဆိုတော် စိုးပြည့်သဇင်ရဲ့ ခံစားသီဆိုဟန်နဲ့ ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ “နှင်းငွေ့ရက်ကျန်… မြောက်ပြန်လေသွေး… အေးမြမြ… ဆွေးရပြီမေ… မောင့် ကိုမျှော်မှန်း… တမ်းတ ရတက်ပွေ… မျှော်ကာနေ… မျှော်ကာနေ… မောင့်ကို… အိုး… မောင့်ကို… လွမ်းမိုးစွေစွေ… လွမ်းမိုးစွေစွေ… လွမ်းငွေ့တဝေဝေ” စိုးပြည့်သဇင်ကတော့ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က "မိုးညအိပ်မက်မြူ" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ဆွတ်ခူးရရှိခဲ့သူဖြစ်ကာ အနုပညာညီအစ်မတွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာနဲ့ အဆိုတော် စန္ဒီမြင့်လွင်တို့ရဲ့ မျိုးဆက်တဦးလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာတင်မက ဂီတဘက်မှာလည်း ဝါသနာထုံတဲ့ စိုးပြည့်သဇင်ဟာ “ချစ်သူရွေးမယ်” ၊ “အချစ်ကိုရှာဖွေခြင်း”စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့သလို နောက်ပိုင်းမှာလည်း ရုပ်သံစီးရီးစ်တွေ၊ ရုပ်ရှင်ကားတွေမှာ သရုပ်ဆောင်တာတွေ၊ သီချင်းသီဆိုမှုတွေကိုလည်း တွဲဖက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024