အေးမြဖြူ သီဆိုသည့် တခေတ်တခါက ကျော်ကြားရုပ်ရှင်ဇာတ်ဝင်တေး-“ဖူးစာလမ်းဆုံ”(ရုပ်သံ)
DVB
·
September 19, 2020
မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းအပုဒ် ၁၀၀ ကို အပတ်စဉ်တင်ဆက်နေပြီး ခုတပတ်မှာတော့ တခေတ်တခါက ကျော်ကြား ရုပ်ရှင်ဇာတ်ဝင်တေးတပုဒ်ကို မြန်မာအိုင်ဒေါ တေးသံရှင် အေးမြဖြူက ဖျော်ဖြေတင် ဆက်သွားခဲ့ပါတယ်။
သူသီဆိုဖျော်ဖြေတဲ့ သီချင်းကတော့ နာမည်ကြီး “ဖူးစာလမ်းဆုံ” ရုပ်ရှင်ဇာတ်ဝင်တေးဖြစ်ပြီး ဒီသီချင်းကိုတော့ တေးရေး စန္ဒယား အောင်ခင်၊ သံစဉ် ကိုမြတ်လင်းတို့ရဲ့ ဖန်တီးမှုနဲ့ တေးသံရှင် ခင်ခင်က မူရင်းသီဆိုထားခဲ့တာပါ။
၁၉၇၀ ပြည့်နှစ်မှာ ပတ္တမြားရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ ဗိုလ်ဘကိုက ရိုက်ကူးထားခဲ့ပြီး သိပ်မကြာခင်ကမှ ကွယ်လွန်သွားခဲ့သူ ရုပ်ရှင်စတား မင်းသားကြီး ကျော်ဟိန်းနဲ့ စန္ဒာတို့က ပါဝင်သရုပ်ဆောင်ထားခဲ့ကြတာပါ။
“မွှေးကြူထုံသင်း… ပန်းခင်းသောလမ်းတမျှ… အို စန်းလထူးစွ… ဖူးစာလမ်းဆုံ… ကြုံလာဆုံလာ… ဘုံဓမ္မတာသဘော… ပြုံးရွှန်းစို… ရွှင်ကြည်မနော… ခြုံလွှမ်းသော… မေတ္တာဗြဟ္မစိုရ်… ပီတိလေဟုန်… ပီတိလေဟုန်… သုန်သုန်ငြိမ့်ဖြုး ကြည်နူးစရာ… ဪ… ဖူးစာလမ်းဆုံ”
အသက် ၉ နှစ်အရွယ်လောက်ကတည်းက Starlet’s Sky – ကြယ်ကလေးတွေရဲ့ ဂီတမိုးကောင်းကင်သီချင်းဆိုပြိုင်ပွဲမှတဆင့် Myanmar Idol ရဲ့ စင်မြင့်ဆီကို တက်လှမ်းလာခဲ့တဲ့ အေးမြဖြူဟာ ပြိုင်ပွဲဝင်ချိန်မှာ အသက် ၁၆ နှစ်အရွယ်ရှိနေပြီဖြစ်ကာ အသက်အငယ်ဆုံးပြိုင်ပွဲဝင် ဖြစ်လာခဲ့တာပါ။
အေးမြဖြူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Myanmar Idol Season 4 မှာတော့ တနိုင်ငံလုံးက ရွက်ပုန်းသီး မျက်နှာသစ်လူငယ်တွေ အများအပြား ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ သီတင်းပတ် တပတ်ပြီးတပတ် အဆင့်ဆင့် အစွမ်းပြယှဉ်ပြိုင်မှုတွေနဲ့ နောက်ဆုံး Grand Final အဆင့်ထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
သိပ်မကြာခင်ကလည်း သူဟာ ဆန်းသစ်တဲ့ သီဆိုဟန်နဲ့ “နော်”အမည်ရတဲ့ မြူးမြူးကြွကြွ သီချင်းတပုဒ် ထွက်ရှိထားခဲ့ပါသေးတယ်။
မြန်မာသံရော ခေတ်ပေါ်စတီရီယိုသီချင်းတွေကိုပါ ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ အေးမြဖြူက ခုတခါမှာလည်း “ဖူးစာလမ်းဆုံ” ရုပ်ရှင်ဇာတ်ဝင်တေးကို သူ့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ ပီပီပြင်ပြင် သီဆိုသွားနိုင်ခဲ့တာကို ပရိသတ်တွေက ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။
“ချစ်တေးဝေဆာ… လူသားတို့ရဲ့ နှလုံးသားတံတျာ… ရင်ခုန်သံများ ပမာပုံ… ချစ် တေးဝေဆာ… လူသားတို့ရဲ့ နှလုံးသားတံတျာ… ရင်ခုန်သံများ ပမာပုံ… သီကြဆိုကြ ချို မြမြ ချစ်ကဗျာ ကာရန်အစုံ… ဖူးစာလမ်းစုံ… မောင်မယ်ခေါ်ထူး… ရွှင်မြူးဘဝ… သာစွ ရိပ်မြုံ… ပီတိလေဟုန်… ပီတိလေဟုန်… သုန်သုန်ငြိမ့်ဖြုး ကြည်နူးစရာ… ဪ… ဖူးစာလမ်းဆုံ”