ကိုဗစ်ကပ်ဘေးကာလ အမေများအိမ်ရာသို့ နေခြည်ဦးက ငွေကျပ် ၁၀ သိန်းလှူဒါန်း
DVB
·
September 16, 2020
ဗျူးတီးဘလော့ဂ်ဂါတယောက်လည်းဖြစ်၊ သရုပ်ဆောင်မင်းသမီးတယောက်လည်း ဖြစ်တဲ့ နေခြည်ဦးက ကိုဗစ်-၁၉ ကပ်ဘေးအကျပ်အတည်းကာလမှာ အမေများအိမ်ရာအတွက် အလှူငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့ပါတယ်။
ဒီလှူဒါန်းမှုနဲ့ပတ်သက်ပြီး နေခြည်ဦးက သူ့ရဲ့ beautybynaychi ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စမျက်နှာပေါ်ကတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။
“အမေတို့ အမေများအိမ်ရာအတွက် သမီးရယ်၊ သမီးမိသားစုရယ်၊ Beautybynaychi Team ရယ် စုပြီး Covid ကာလ အခက်အခဲလေးတွေ အဆင်ပြေအောင် စောင်၊ ခြင်ထောင်နဲ့အတူ လိုအပ်တာလေးတွေအတွက် အလှူငွေ ဆယ်သိန်း လှူခဲ့ပါတယ်။ လူစုလူဝေး ရှောင်နေရတဲ့အချိန်မို့ ကိုယ်တိုင်မလာနိုင်တာလည်း နားလည်ပေးပါနော်။ နောက်တခေါက် သမီးချစ်ရတဲ့ chillies တွေနဲ့ စုပေါင်းပြီး အလှူလာလုပ်ဦးမယ်နော် အမေ။ မိဘဆိုတာ သက်ရှိဘုရားလို့ သမီးရင်မှာ ခိုအောင်းအောင် ဆုံးမပေးခဲ့တဲ့ အမေဒေါ်နွဲ့နွဲ့စန်းနှင့် အမေများအတွက်… ချစ်သမီး နေခြည်ဦး”
ချမ်းမြေ့ရိပ်သာ အမေများအိမ်ရာကတော့ ရန်ကုန်မြို့တဖက်ကမ်းက သန်လျင်မြို့ နယ်ထဲမှာ တည်ရှိပြီး တချိန်က အနုပညာလောကမှာ ကျင်လည်ခဲ့ကြတဲ့ အနုပညာနယ်ပယ်က သက်ကြီးသရုပ်ဆောင် အမျိုးသမီးကြီးတွေ နေထိုင်ရာ ဂေဟာတခုဖြစ်ပါတယ်။
ရုပ်ရှင်ပိတ်ကားပေါ်မှာ၊ ဖန်သားပြင်ပေါ်မှာ၊ မီးရောင်စုံ ပြိုးပြိုးပြက်ပြက်ကြားမှာ အောင်မြင်ကျော်ကြားခဲ့သူတွေ၊ ဆေးစက်ကျရာ အရုပ်ထင် ဇာတ်ရုပ်ပေါင်းများစွာနဲ့ အလွှာမျိုးစုံကနေ ဟန်ချက်ညီညီ သရုပ်ဆောင်ကြရင်း ဖြတ်သန်းခဲ့ကြပြီးချိန်မှာတော့ လောကနိယာမအတိုင်း ဇရာချိန်ရောက်လာချိန်မှာတော့ ကံကောင်းသူတချို့တလေကလွဲလို့ အများစုသော ရုပ်ရှင်လောကထဲက သရုပ်ဆောင်မင်းသမီးကြီးတွေဟာ ဆင်းရဲနွမ်းပါးမှု၊ သားသမီး ကျောထောက်နောက်ခံ မရှိတာမျိုး၊ လျစ်လျူရှုခံရတာမျိုးတွေနဲ့ ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းပြီး နှုတ်ဆက် ထွက်ခွာသွားရသူတွေ၊ ခိုလှုံရာနေရာတခုတောင် မရှိတဲ့ အခြေအနေတွေနဲ့ ခေတ်အဆက်ဆက် ရင်ဆိုင်လာခဲ့ကြရပါတယ်။
ဒီလို ခက်ခဲတဲ့ အခြေအနေအတွက် ထောက်ပံ့ကူညီပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဝါရင့် အကယ်ဒမီသရုပ်ဆောင်မင်းသမီးကြီး နွဲ့နွဲ့စန်းက အမေများအဖွဲ့ဆိုပြီး တည်ထောင်ခဲ့ကာ ယိမ်းကပြီး ရန်ပုံငွေရရှိဖို့ စတင်ကြိုးစားခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာမှ အမေများအဖွဲ့ရဲ့ ချမ်းမြေ့ရိပ်သာ အမေများအိမ်ရာကို ထောက်ပံ့ကူညီသူတွေရဲ့ အင်အားနဲ့ ၂၀၀၈ ခုနှစ်လောက်မှာ စတင်ထူထောင်နိုင်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ခြံထဲမှာ နေစရာအိမ်လေးတွေ စီရရီ၊ ဓမ္မာရုံတခု၊ သီးပင်စားပင် စိုက်ခင်းတွေနဲ့ ခိုလှုံရာတခုအနေနဲ့ အကောင်အထည်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ခိုလှုံရာရှိပေမယ့် နေ့စဉ်ဝမ်းကျောင်းမှု၊ ကျန်းမာရေး၊ လူမှုရေးစတာတွေအတွက်တော့ အမေများအဖွဲ့ဟာ ကျွမ်းကျင်ရာ လိမ္မာရာ ယိမ်းကရင်း၊ နောက်ထပ် ရနိုင်တဲ့ သရုပ်ဆောင် အလုပ်တွေကိုလည်း လုပ်ဆောင်နေရင်း တဖက်တလမ်းကနေ ကြိုးစားနေကြရဆဲ ဖြစ်ပါတယ်။