Home
အနုပညာ
The Voice Myanmar ဒိုင်လေးဦးစလုံး လှည့်ကြည့်ခဲ့ရသူ ကလေးမြို့က ပြိုင်ပွဲဝင် ဂျပန်ကြီး (ရုပ်သံ)
DVB
·
September 14, 2020
Untitled-1
       နာမည်ကြီးသီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar Season 3 ရဲ့ Blind Audition အဆင့်ပြိုင်ပွဲတွေကို လတ်တလောကျင်းပနေပြီး ခုတပတ်မှာလည်း ထူးခြားတဲ့ အသံပိုင်ရှင် ပြိုင်ပွဲဝင်တယောက် ထွက်ပေါ်လာခဲ့ပါတယ်။   သူကတော့ စစ်ကိုင်းတိုင်း၊ ကလေးမြို့က လာရောက်ယှဉ်ပြိုင်သူ အသက် ၂၃ နှစ်အရွယ် ပြိုင်ပွဲဝင် ဂျပန်ကြီးဖြစ်ပြီး တေးရေးတေးဆို စစ်သူရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ငါ့ဘဝ သီချင်းနဲ့ အစွမ်းပြ ယှဉ်ပြိုင်သွားခဲ့တာပါ။        ဩဂုတ် ၂၃ ရက်နေ့က ပြန်လည်စတင်ခဲ့တဲ့ The Voice Myanmar Season 3 မှာ ဝင်ရောက်ယှဉ်ပြိုင်လိုသူတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ ကတည်းက Online Audition လျှောက်လွှာတွေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲ ဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။ အခုနှစ်ရဲ့ Season 3 မှာလည်း မနှစ်က Coach တွေဖြစ်ကြတဲ့ R. ဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့ကပဲ ပြန်လည်ပြီးတော့ ပါဝင်ခဲ့ကြကာ Blind Audition အဆင့်ပြိုင်ပွဲကနေ Team တခုစီအတွက် ပြိုင်ပွဲဝင် ၁၂ ယောက်စီ ရွေးချယ်သွားကြမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် ဂျပန်ကြီးရဲ့ ထူးခြားတဲ့ အသံနဲ့ ငါ့ဘဝသီချင်းနဲ့ သီဆိုမှုဟာ Coach ၄ ယောက်စလုံးကို ဆွဲဆောင်ထားနိုင်ခဲ့ပြီး အားလုံးက လှည့်ကြည့်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် Coach တွေနဲ့ အမေးအဖြေပြုလုပ်ချိန်မှာတော့ သူ့ကို သီချင်းနောက် တပုဒ်သီဆိုပြဖို့ တောင်းဆိုခံခဲ့ရပြီး တေးသံရှင် ရေမွန်သီဆိုထားတဲ့ နာမည်ကြီး “ဆု လာဘ်” သီချင်းနဲ့ သီဆိုပြခဲ့ချိန်မှာတော့ အားလုံးက လက်ခုပ်တီးအားပေးခဲ့ကြတာကို တွေ့ရပါတယ်။ ပြိုင်ပွဲရဲ့ စည်းကမ်းအရ လှည့်ကြည့်တဲ့ Coach တွေထဲက တယောက်ကို ပြိုင်ပွဲဝင်က ရွေးချယ်ရချိန်မှာတော့ ဂျပန်ကြီးက Coach တွေထဲက ကျားပေါက်ကို ရွေးချယ်ခဲ့တာမို့ Team ကျားပေါက်ရဲ့ အဖွဲ့ထဲကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ မနှစ်ကတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေ ရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။ မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိသွားခဲ့တာပါ။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုးသား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာပါ။ ခုတပတ် Season 3 ရဲ့ Blind Audition အဆင့်မှာတော့ ပြိုင်ပွဲဝင်တွေထဲက N Oo L၊ အောင်ကောင်းခန့်၊ ဂျပန်ကြီး၊ မိုးသား၊ Salai T Lian၊ တိုးကြီး၊ စိန်ဂျွန်း၊ နော်ဂျာလေးတို့ ပြိုင်ပွဲဝင် ၈ ယောက်က သက်ဆိုင်ရာ Team တွေအလိုက် နောက်တဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ လတ်တလောမှာတော့ Blind Audition အဆင့်ရဲ့ ပထမသီတင်းပတ်မှာ ပြိုင်ပွဲဝင် ၈ ယောက်၊ ဒုတိယသီတင်းပတ်မှာ ၉ ယောက်၊ တတိယသီတင်းပတ်မှာ ၇ ယောက်တို့က ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်တာမို့ စုစုပေါင်း ၃၂ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အခုနှစ် Season 3 မှာရော နိုင်ငံအနှံ့အပြားက ဘယ်လိုရွက်ပုန်းသီး အနုပညာရှင်‌တွေ ထွက်ပေါ်လာဦးမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024