ကြည့်မြင်တိုင် စည်ပင်ဥက္ကဋ္ဌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ
ဇေယျာချမ်းအေး
·
September 13, 2020
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့တယ်လို့ ကြည့်မြင်တိုင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်က ဒီကနေ့ အတည်ပြုပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့ ညပိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းအရ ကြည့်မြင်တိုင်မြို့နယ်မှာ ပိုးတွေ့သူ ၇ ဦးရှိခဲ့ပြီး မြို့နယ်စည်ပင်ဥက္ကဋ္ဌ ပါဝင်ခဲ့တာပါ။
ဦးကျော်နန္ဒအောင်က “စည်ပင်ဥက္ကဋ္ဌဆိုတော့ ထိတွေ့သူတွေက များမယ်။ လိုက်စုံစမ်းပြီး Home Quarantine နေခိုင်းဖို့ စီစဉ်နေပါတယ်။ History မရှိဘူးဗျ။ ဘယ်ကကူးမှန်းမသိဘူး” လို့ ပြောပါတယ်။
နောက်ဆုံးစာရင်းတွေအရ ကြည့်မြင်တိုင်မြို့နယ်မှာ ပိုးတွေ့သူ ၃၀ နီးပါးရှိနေပါတယ်။
ကြည့်မြင်တိုင်မြို့နယ်ဟာ Stay at Home ၂၈ မြို့နယ်မှာ ပါဝင်ပြီး လမ်းတွေကို ပိတ်ထားပေမယ့် ကူးစက်လူနာသစ်တွေ ထပ်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။