Homeအနုပညာ
အလွမ်းတေးသီငှက်ကလေး ကေကေမိုး သီဆိုသည့် ရုပ်ရှင်ဇာတ်ဝင်တေး “မဆုံစည်းခဲ့လေသော အချစ်များ” (ရုပ်သံ)
အလွမ်းတေးသီငှက်ကလေး ကေကေမိုး သီဆိုသည့် ရုပ်ရှင်ဇာတ်ဝင်တေး “မဆုံစည်းခဲ့လေသော အချစ်များ” (ရုပ်သံ)
DVB
·
September 12, 2020
“မဆုံစည်းခဲ့လေသော အချစ်များ အကြောင်းရယ်… ပြန်လည်ကာ တွေးမိတော့ရယ်… ဟိုတုန်းက နှစ်ယောက်သား… အတူတူ စားစား… သွားသွားကွယ်… ဘယ်အခါ မခွဲ… တနေ့ဝယ် ပြန်လည်လို့ ဆုံစည်းကြမယ်… တနေ့ဝယ် ပြန်လည်လို့ တကယ် ဆုံ ကြမယ်… အားမလျှော့ခဲ့ပါဘူးကွယ်… အချစ်ရယ်”
ဒါကတော့ တချိန်က အားလုံးရဲ့ ပါးစပ်ဖျား ရေပန်းစားခဲ့တဲ့ ရုပ်ရှင်ဇာတ်ဝင်တေး တပုဒ်ဖြစ်တဲ့ “မဆုံစည်းခဲ့လေသောအချစ်များ”သီချင်းထဲက တေးသွားစာသားတွေဖြစ်ပြီး ခုတခါမှာတော့ တေးသံရှင် ကေကေမိုးရဲ့ သီဆိုမှုနဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်ဖျော်ဖြေပွဲမှာ ပြန်လည်သီဆိုဖျော်ဖြေသွားခဲ့တာ ဖြစ်ပါတယ်။
၁၉၇၉ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ “ချစ်ကြိုးတွေသွယ်ကာရစ်ကာ” ရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးတပုဒ်ဖြစ်တဲ့ ဒီသီချင်းကိုတော့ တေးရေး အကယ်ဒမီစန္ဒရားလှထွတ်က ရေးစပ်ပေးခဲ့တာ ဖြစ်ပြီး တေးသံရှင် တင်မိုးခိုင်က မူရင်းအဆိုရှင်အဖြစ် သီဆိုပေးထားခဲ့တာ ဖြစ်ပါတယ်။
ယမုံနာရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်လိုက်တဲ့ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ ကြီးမြင့်က ရိုက်ကူးပြီး နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ကျော်ဟိန်း၊ ချိုပြုံး၊ ခင်သီတာထွန်းတို့က ပါဝင်သရုပ်ဆောင်ထားခဲ့ကာ ပရိသတ်တွေကြား အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ အောင်မြင်တဲ့ ရုပ်ရှင်ကားတကား ဖြစ်ခဲ့ပါတယ်။
“အိပ်မက်မက်နေသလား… ထင်မှားမိတယ်… တခါတလေ အားကဖြင့်ငယ်… သူလည်းပဲလေ ကိုယ့်လိုသာပဲ… ရှိမပေါ့ကွယ်… အခြေနေကရယ်… တနေ့ဝယ်… ပြန်လည်လို့ ဆုံစည်းကြမယ်… တနေ့ဝယ်… ပြန်လည်လို့ တကယ်ဆုံကြမယ်… အားမလျှော့ခဲ့ပါဘူးကွယ်… အချစ်ရယ်”
အသက် ၂၂ နှစ်အရွယ် တေးသံရှင် ကေကေမိုးဟာ တေးသံရှင် ချောစုခင်ရဲ့ ညီမ ဝမ်းကွဲတော်စပ်ကာ “ကျွန်မ”သီချင်းနဲ့ ပရိသတ်အားပေးမှုတွေ ရရှိထားခဲ့သူဖြစ်ပြီး အဲဒီသီချင်းနဲ့ပဲ စီးတီးအက်ဖ်အမ်ရဲ့ ရေပန်းအစားဆုံး အမျိုးသမီးတေးသံရှင်သစ်ဆုကို ရရှိထားခဲ့တာ ဖြစ်ပါတယ်။
သူဟာ ရုပ်ရှင်ဇာတ်ဝင်တေးတော်တော်များများကိုလည်း အကောင်းဆုံး သီဆိုနေရသူတဦး ဖြစ်ပြီး “ငါ့ကိုနမ်းတဲ့မုန်တိုင်း”ရုပ်ရှင်ကားထဲက ဇာတ်ဝင်တေး “မောင် မငိုရဘူးနော်”၊ “မှော်ကျောက်စာ”ရုပ်ရှင်ကားထဲက ဇာတ်ဝင်တေး “ကျေနပ်တယ်”စတဲ့ သီချင်းတွေဟာ ပရိသတ် လက်ခံအားပေးတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။
လတ်တလောမှာတော့ ကေကေမိုးဟာ “ကျွန်မ” အမည်နဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ခပ်ဆွေးဆွေးသီချင်းစာသားတွေ၊ သံစဉ်တွေနဲ့ သီချင်းတွေ သီဆိုရင်း ပရိသတ်တွေကြား ရေပန်းစားလာတဲ့ အဆိုတော် ကေကေမိုးရဲ့ “မဆုံစည်းခဲ့ လေသောအချစ်များ”ကို ပြန်လည်ဆန်းသစ်သီဆိုမှုဟာလည်း ပုံစံတမျိုးနဲ့ လှပနေခဲ့တာကို ပရိသတ်တွေက ခံစားနား ဆင်ကြရမှာ ဖြစ်ပါတယ်။
“ဒီတကွေ့ မတွေ့ရင်လည်း… သံသရာ အကွေ့တကွေ့ဝယ်… အကြောင်းဆက် ပေါင်းဖက်ဖို့… အမြဲ ဆုခြွေမယ်… နွေမိုးဆောင်းတွေလည်း… ဘယ်လို ပြောင်းပြောင်းကွယ်… ကိုယ့်အချစ်ကတော့… မပြောင်းလဲခဲ့ပါတယ်”