ပြည်တွင်းလေကြောင်းလိုင်းများ ယာယီရပ်ဆိုင်း
DVB
·
September 11, 2020
မြန်မာပြည်တွင်း ပုံမှန်လေကြောင်းလိုင်းတွေ ပျံသန်းပြေးဆွဲနေတာကို စက်တင်ဘာ ၁၁ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ယာယီရပ်ဆိုင်းထားဖို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက သက်ဆိုင်ရာလေကြာင်းလိုင်းတွေကို အကြောင်းကြားလိုက်ပါတယ်။
ကိုဗစ်-၁၉ ရောဂါဟာ ပြည်တွင်းကူးစက်မှုအဖြစ် နေပြည်တော်နဲ့ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ပျံ့နှံ့လာနေတာကြောင့် စက်တင်ဘာ ၉ ရက်နေ့က ကျင်းပတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဆုံးဖြတ်ချက်အရ ခုလို ရပ်ဆိုင်းလိုက်တာလို့ အကြောင်းကြားစာမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုတွေကို ကာကွယ်ဖို့ မြန်မာအမျိုးသားလေကြောင်း (MNA) ကလည်း ပြည်တွင်း လေယာဉ်ခရီးစဉ်အားလုံးကို စက်တင်ဘာလ ၁၁ ရက် မှ ၃၀ ရက်အထိ ခေတ္တ ရပ်ဆိုင်းမယ်လို့လည်း အသိပေးကြေညာ ထားပါတယ်။
ဒီကာလအတွင်း ခရီးသွားဖို့ ဝယ်ယူထားတဲ့လေယာဉ်လက်မှတ်တွေကို Full Refund နဲ့ Free Date Change ပြုလုပ်ပေးနေပြီး Agent မှ ဝယ်ယူထားတဲ့ခရီးသည်တွေအနေနဲ့ အဆိုပါ agent မှတစ်ဆင့် refund ပြန်လည်ထုတ်ယူနိုင်သလို website မှ ဝယ်ယူထားပါက contactus@flymna.com သို့ email ပေးပို့ပြီး refund ပြန်လည်ရယူနိုင်တယ်လို့ သိရပါတယ်။
ခရီးစဉ်တွေကို အောက်တိုဘာ ၁ ရက်နေ့မှာ ပြန်လည် ပျံသန်းပြေးဆွဲမှာဖြစ်ပြီး ပြောင်းလဲမှုရှိပါကလည်း အချိန်နဲ့ တပြေးညီ ကြေညာပေးမယ်လို့လည်း လေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- MNA