ပန်းတနော် CB ဘဏ် လုယက်ခံရမှု ၁ လကျော်ချိန်အထိ တရားခံ ဖမ်းမမိသေး
DVB
·
September 10, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့က CB ဘဏ်ခွဲ အတွင်း သေနတ်သမား ဝင်ရောက်ပြီး ခြိမ်းခြောက်ငွေလုယူမှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ကျူးလွန်သူကို အချိန် ၁ လကျော်ကြာတဲ့အထိ ဖမ်းမိတာမရှိသေးဘူးလို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်က ဘဏ်ဖွင့်ချိန် မနက်ပိုင်းမှာ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးရောက်ရှိလာပြီး သေနတ်လို့ယူဆရတဲ့ လက်နက်ကိုင်ဆောင်ကာ ဘဏ်ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီး ငွေကျပ် သိန်း ၁၂၀ ကျော် တောင်းယူသွားတာနဲ့ ပတ်သက်ပြီး ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။
"တရားခံကတော့ စုံစမ်းဆဲပါ၊ သေနတ်ကတော့ ကလေးကစားစရာသေနတ်ပဲ ဘာမှတော့ သုံးသပ်မရသေးဘူး၊ အဲ့လိုပုံစံနဲ့ ဝင်လုသွားတာ သံသယတရားခံ ဖမ်းဆီးစစ်ဆေးနေတာမျိုး လည်း လတ်တလောမရှိသေးပါဘူး"လို့ ပြောပါတယ်။
သေနတ်ပြ လုယက်ခဲ့တဲ့ အမျိုးသားဟာ ဘဏ်အတွင်းကို မိုးကာအင်္ကျီ အဖြူ လက်အိတ် အမည်း ဝတ်ဆင်ပြီး နှာခေါင်းစည်း(Mask) တပ်ဆင်ကာ ပိုက်ဆံလုယူခဲ့တာဖြစ်ပြီး နောက်ပိုင်း မှာ CB ဘဏ်ဝန်ထမ်းတွေက အရေးယူပေးဖို့ ရဲတပ်ဖွဲ့ထံသတင်းပေး တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေ၊ ဒေသခံအာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေက ဘဏ်ရဲ့ CCTV မှတ်တမ်းတွေ ကိုစစ်ဆေးခဲ့ပြီး တိုင်းရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဦးစီးကွပ်ကဲမှုနဲ့ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)