အစိုးရဖွဲ့နိုင်ရန် ယုံကြည်ထားဟု ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ပြော
DVB
·
September 9, 2020
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး အစိုးရဖွဲ့နိုင်ဖို့အထိ ရည်မှန်းထားတယ်လို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောပါတယ်။
စက်တင်ဘာ ၉ ရက်က နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီရုံးချုပ်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအလံတင်အခမ်းအနားအပြီး မီဒီယာတွေနဲ့တွေ့ဆုံ ပြောကြားခဲ့တာပါ။
တိုင်းပြည်ရဲ့လက်ရှိအခြေအနေတွေထက် သာလွန်အောင် ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်တယ်လို့လည်း ဆိုပါတယ်။
ဦးသန်းဌေးက “ရွေးကောက်ပွဲဝင်တယ်ဆိုတာ တိုင်းပြည်အတွက် အကောင်းဆုံးလုပ်နိုင်မယ် ထင်လို့ ဝင်ကြတာလေ၊ ကျနော်တို့ရဲ့ ဆောင်ပုဒ်ကလည်းပဲ ပိုပြီးတော့ တောက်ပတဲ့ အနာဂတ်၊ ပိုပြီးတောက်ပတဲ့ အနာဂတ်ဆိုတာ ပိုပြီး လုံခြုံရမယ်။ ပိုပြီးတော့ စီးပွားရှာလို့လွယ်နိုင်ရမယ်။ အများကြီးပါ။ ဒီနေ့အခြေအနေတွေထက် ပိုပြီးတော့ ဒီမိုကရေစီအခွင့်အရေးတွေ ရရမယ်။ လူ့အခွင့်အရေးတွေရရမယ်။ ငြိမ်းချမ်းရေးတွေ အားကောင်းရမယ်။ လုပ်လည်းလုပ်ခဲ့တဲ့ဟာတွေ ဖြစ်တဲ့အတွက် ဒါကို ကျနော်တို့ လုပ်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် ရွေးကောက်ပွဲဝင်တာလို့ ပါတီအနေနဲ့ ဒီလိုပဲ ဖြေပါရစေ” လို့ ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးအပါအဝင် ကိုယ်စားလှယ်လောင်း ၁၁၂၉ ဦးပါဝင် ယှဉ်ပြိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း - ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)