ရန်ကုန်က စက်ရုံ ၆ ရုံခန့်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများတွေ့ရှိလာ
DVB
·
September 7, 2020
ကိုဗစ်-၁၉ ရောဂါပိုးက ရန်ကုန်တိုင်းစက်မှုဇုန်တွေက စက်ရုံလုပ်သားတွေအထိ ပျံ့နှံ့လာပြီး စက်တင်ဘာ ၆ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ၊ ရွှေလင်ဗန်း၊ ငွေပင်လယ်၊ ဒဂုံဆိပ်ကမ်း စက်မှုဇုန် ၄ ခုမှာရှိတဲ့ စက်ရုံ ၆ ရုံက လုပ်သား ၆ ဦးအထိ ကူးစက်ခံထားရပါတယ်။
ဒီ ၆ ဦးနဲ့ပတ်သက်ပြီး နေအိမ် ကွာရန်တင်းနဲ့ ကွာရန်တင်းစင်တာတွေကို ပို့ဆောင်စောင့်ကြည့်နေရသူ ဦးရေ ၆၀၀ ကျော်မှာ ရှိနေတာပါ။ ဒီလိုအခြေအနေတွေရှိပေမဲ့ ပိုးတွေ့လူနာ လုပ်ကိုင်ခဲ့တဲ့ စက်ရုံတွေကတော့ ပုံမှန်အတိုင်းလည်ပတ်နေဆဲဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကတော့ လက်ရှိလည်ပတ်နေတဲ့ စက်ရုံတွေကို အခါအားလျော်စွာစစ်ဆေးဖို့ မြို့နယ်အဆင့်ပူးပေါင်းအဖွဲ့တွေကို ညွှန်ကြားထားပါတယ်။
အဲ့လိုပဲကျန်းမာရေးနဲ့ အားကစား၀န်ကြီးဌာနကလည်း စက်ရုံအလုပ်ရုံတွေ ကျန်းမာရေး ပိုင်းဆိုင်ရာ လိုက်နာရမယ့် ညွှန်ကြားချက်တွေကို ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ဒီလို ညွှန်ကြားချက်ကို လိုက်နာတဲ့စက်ရုံတွေရှိသလို တချို့ ကျန်းမာရေးနဲ့မကိုက်ညီတဲ့ လိုအပ်ချက်တွေကို ပြန်လည် ပြင်ဆင်ဖို့ ညွှန်ကြားရတဲ့ စက်ရုံတွေလည်းရှိနေဆဲပဲလို့ လှိုင်သာယာအနောက်ပိုင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် စက်ရုံအလုပ်ရုံပေါင်း ၅၆၀၀ လောက်ရှိနေတာပါ။ ဒီစက်ရုံ၊ အလုပ်ရုံတွေမှာပထမ ကိုဗစ်လှိုင်းတုန်းကတော့ လှိုင်သာယာမြို့နယ်၊ အနော်ရထာ စက်မှုဇုန်က ချန်းရိဖိနပ်စက်ရုံမှာလုပ်ကိုင်တဲ့ တရုတ်စကားပြန်တစ်ဦးသာ ကူးစက်မှုရှိခဲ့ပြီး ကျန်စက်ရုံ လုပ်သားတွေမှာတော့ ကူးစက်မှုမရှိခဲ့ပါဘူး။
အခုဒုတိယလှိုင်းမှာတော့ စက်တင်ဘာလကနေစပြီဂ စက်ရုံအလုပ်ရုံတွေကလုပ်သားတွေ အထိကူးစက်မှုပျံ့နှံ့လာပြီဖြစ်လို့ စက်ရုံတွေ ကျန်းမာရေးပိုင်းဆိုင်ရာတွေ လိုက်နာမှုရှိမရှိ ရှောင်တခင် စစ်ဆေးပြီး အရေးယူတာတွေလုပ်ပေးဖို့ အလုပ်သမားအဖွဲ့ချုပ်တွေက တောင်းဆိုနေပါတယ်။
သတင်း - ဇာခြည်