မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း ၆၀ ခွင့်ပြု၊ ကိုဗစ်ညွှန်ကြားချက် လိုက်နာရန် သတိပေး
DVB
·
September 6, 2020
၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ နိုင်ငံရေးပါတီတွေအနေနဲ့ ကိုဗစ်ရောဂါပြန့်ပွားမှုမရှိစေဖို့ မဲဆွယ်စည်းရုံးရာမှာ သက်ဆိုင်ရာက အချိန်ကာလ နေရာဒေသအလိုက် ထုတ်ပြန်တဲ့ ကျန်းမာရေးဆိုင်ရာ အမိန့်နဲ့ လမ်းညွှန်ချက်တွေကို အထူးအလေးထားဆောင်ရွက်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကိုလည်း စက်တင်ဘာလ ၈ ရက်နေ့ မနက် ၆ နာရီကနေ နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
အဲဒီရက်ပေါင်း ၆၀ အတွင်း မဲဆွယ်စည်းရုံးရေးဆောင်ရွက်တဲ့အခါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ ညွှန်ကြားချက် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ် အထွေထွေရွေးကောက်ပွဲနဲ့ စပ်လျဉ်းပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန်တွေကို အထူးအလေးထားဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။