သရုပ်ဆောင်မင်းရာဇာ၏ အိမ်အကူမိန်းကလေး အက်ဆစ်ဖြင့်ပက်ခံရသည့်ဒဏ်ရာ ပြန်ကုသနေရ
ချမ်းမြေ့မောင်
·
September 4, 2020
သရုပ်ဆောင်မင်းရာဇာရဲ့ အိမ်အကူမိန်းကလေးဟာ အက်ဆစ်နဲ့ အပက်ခံထားရတဲ့ ဒဏ်ရာကနေ အနာတွေ ပြန်ကြွပြီး ဆေးကုသမှုခံယူနေရတယ်လို့ အိမ်အကူအမျိုးသမီးလေးရဲ့ ဖခင်က မီဒီယာကို ပြောပါတယ်။
ပုဒ်မ ၃၇၆ နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်မင်းရာဇာအမှုကို ဒီကနေ့ စက်တင်ဘာ ၄ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့် အမှုတွဲတိုင်းတရားရုံးကို ရောက်နေတဲ့အတွက် ရုံးချိန်းမစစ်ဆေးဖြစ်ခဲ့ပါဘူး။
မင်းရာဇာတို့ကိုစွဲဆိုထားတဲ့ မြောက်ဥက္ကလာပမြို့နယ်ကအမှုနဲ့ အရှေ့ပိုင်းခရိုင်က ပုဒ်မ ၃၇၆ အမှုတို့ကို အရှေ့ပိုင်းခရိုင်တရားရုံးတစ်ခုထဲမှာပဲ ရုံးပေါင်းစစ်ဆေးဖို့ အိမ်အကူမိန်းကလေးရဲ့ ရှေ့နေက လျောက်ထားရာမှာ အမှုတွဲကို သုံးသပ်ဖို့တိုင်းတရားရုံးက လက်ခံထားပြီး ရုံးချိန်း မစစ်ဆေးဖြစ်သေးဘဲ နောက်အပတ် ၁၈ ရက်နေ့ပြန်လည်ချိန်းဆိုခဲ့ပါတယ်။
သရုပ်ဆောင်မင်းရာဇာအပါအဝင် ၄ ဦးဟာ မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာလည်း ရာဇသတ်ကြီးပုဒ်မ ၄ ခုနဲ့ အမှုရင်ဆိုင်နေရပါတယ်။ သရုပ်ဆောင်မင်းရာဇာ မိသားစုက အိမ်အကူမိန်းကလေးကိုအက်ဆစ်နဲ့ ပက်တာ၊ တူနဲ့ထုတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်ဆိုကာ ရွှေပေါက္ကံမြို့နယ်ရဲစခန်းမှာ အမျိုးသမီးလေးရဲ့ မိခင်ဖြစ်သူက အမှုဖွင့်ခဲ့တာပါ။