သရုပ်ဆောင်မင်းသား နိုင်းနိုင်း ကွာရန်တင်းဝင်နေရ (ရုပ်သံ)
DVB
·
September 4, 2020
မိသားစုရှိရာ အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ သရုပ်ဆောင် မင်းသား နိုင်းနိုင်းဟာ သီတင်း ၃ ပတ်ကြာ ကွာရန်တင်းဝင်နေရတယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ စက်တင်ဘာလ ၂ ရက်နေ့က ခုလိုရေးသားပြီး ပရိသတ်တွေကို အသိပေးထားခဲ့တာ ဖြစ်ပါတယ်။
“ရန်ကုန်ပြန်ရောက်တော့ ကျနော့်ကို ၃ပတ် အနားယူပါဆိုလို့... ချစ်သော ပရိသတ် များလည်း အရင်ထက်ပိုပြီး ဂရုစိုက်ကြပါ။ ကိုယ်ဖြစ်ကိုယ်ခံ-ဆိုတဲ့စကားက Covid ကာ လမှာ မမှန်ပါ... ကိုယ်ဖြစ်ရင် ကိုယ့်မိဘ ညီအစ်ကို မောင်နှမ၊ သားသမီးနဲ့ ဇနီး... ဘေးပတ်ဝန်းကျင်ပါ အကုန် ခံရမှာပါ။ Mask ကို အပြင်ထွက်တိုင်း ဝတ်ဆင်သွားပါ။ လက်ကိုသေချာဆေးပါ။သတိအမြဲရှိကြပါလို့...ပြောချင်ပါတယ်”
Followers ၂၇၀၀၀၀ ကျော်ရှိတဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာတော့ သူ့ရဲ့ မိသားစုနဲ့ အမှတ်တရ ပုံရိပ်တွေ၊ ရုပ်သံတွေကို ပရိသတ်တွေအတွက် အမှတ်တရ မျှဝေပေး လေ့ရှိကာ ရန်ကုန်ကို မပြန်ခင် သူ့ရဲ့ ကလေးတွေနဲ့အတူ “လေဆိပ် မသွားခင် ရဲဘော်များနှင့်”လို့ ရည်ညွှန်းကာ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို မျှဝေထားခဲ့ပါသေးတယ်။
ဒီကနေ့ည ၈ နာရီမှာတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ပရိသတ်တွေကို လိုက်ဖ်လွှင့်ပြီး တွေ့ဆုံစကားပြောသွားမယ်လို့ အသိပေးထားခဲ့ပါတယ်။