Homeမြန်မာသတင်း
လုံခြုံရေးအရ ‘ဝ’ နှင့် ရခိုင် မြို့နယ်အချို့တွင် ရွေးကောက်ပွဲ မကျင်းပရန် တပ်မတော် အကြံပြုထား
လုံခြုံရေးအရ ‘ဝ’ နှင့် ရခိုင် မြို့နယ်အချို့တွင် ရွေးကောက်ပွဲ မကျင်းပရန် တပ်မတော် အကြံပြုထား
DVB
·
September 4, 2020
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက မြို့နယ် ၅ မြို့နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ အချို့ကို လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်တဲ့အကြောင်း ရွေးကောက်ပွဲ ကော်မရှင်ထံ တပ်မတော်က အကြံပြုထားတယ်လို့ သိရပါတယ်။
လတ်တလော နိုင်ငံတွင်းတွေ့ရှိမှု ပြန်လည်မြင့်တက်လာတဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး နိုဝင်ဘာလ ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် အကြံပြုထားတာမျိုးမရှိဘဲ လုံခြုံရေးအရသာ အကြံပြုထားတယ်လို့ ဆိုပါတယ်။
ဝ ဒေသက ၅ မြို့နယ်နဲ့ ရခိုင်ပြည်နယ်က မြို့နယ်အချို့ကို လုံခြုံရေးအရ အကြံပြုထားရာမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၄ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တပ်မတော်က အကြံပြုထားတဲ့ ဝ ဒေသက ၅ မြို့နယ်ဟာ ယခင်ရွေးကောက်ပွဲတွေတုန်းက လည်း ကျင်းပနိုင်ခဲ့ခြင်းမရှိသလို ဒီတစ်ကြိမ်မှာလည်း ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်ပါဘူး။
ဒါ့အပြင် လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်အချို့လည်း ရွေးကောက်ပွဲကို ယာယီရွှေ့ဆိုင်းရမယ့် မဲဆန္ဒနယ်တွေအဖြစ် သတ်မှတ်ခံရနိုင်တယ်လို့ စက်တင်ဘာ ၂ ရက်နေ့က ပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောပါတယ်။
လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ် ၁၆၈၊ တိုင်းဒေသကြီးနဲ့ပြည်နယ် မဲဆန္ဒနနယ် ၆၄၄၊ တိုင်းရင်းသား လူမျိုးများ မဲဆန္ဒနယ် ၂၉ နယ် တို့မှာ ကျင်းပပြုလုပ်သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီး ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေကို လာမယ့် အောက်တိုဘာလအတွင်း ထုတ်ပြန်ကြေညာသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပြောကြားထားပါတယ်။
သတင်း-ဖြိုးသက်ပိုင်မြင့်